ဗန်းမော်မြို့မှ ရန်ကုန်မြို့ရောက် ကချင်လူငယ်စားဖိုမှူး နှင့် “မူအိုင်”
လော့ခွမ့်ဇောင်
၂၀ မေလ ၂၀၁၈
ဘေးပတ်လည်နံရံတွေမှာ ထောင်ကာအက ကနေတဲ့ ကချင်တိုင်းရင်းသူရုပ်ပုံများ၊ ကချင် ရိုးရာလွယ်အိတ်နဲ့ ခါကာဘိုရာဇီ ရေခဲတောင်ပုံ၊ မေခ-မလိခမြစ်ဆုံပုံ တို့ကို ချိတ်ဆွဲ အလှဆင်ထားတဲ့ ရန်ကုန်မြို့က ရိုးရာ စားသောက်ဆိုင်ထဲကို ဝင်လာတာနဲ့ ကချင်မြေမှာ ပြန်ရောက်နေသလိုမျိုး စိတ်ခံစားမှုကို ရရှိစေပါတယ်။
ဆိုင်ခန်းရဲ့ ညာအစွန် စားပွဲဝိုင်းတစ်လုံးမှာ အမျိုးသမီးငယ် နှစ်ဦးဟာ ရိုးရာဟင်းလျာများကို စောင့်ဆိုင်းရင်း ထိုင်နေတာကလွဲလို့ ကျန်တဲ့စားပွဲဝိုင်းများကတော့ အလွတ်ကြီးရှိနေပါသေးတယ်။ ဆိုင်ရဲ့ အနောက်ဖက် မီးဖိုခန်းထဲမှာတော့ အသက် (၃၀) ကျော် အရွယ် လူငယ်စားဖိုမှူး တစ်ဦးဟာ သွက်သွက်လက်လက်နဲ့ ဟင်းရွက်များကို “တောက်တောက်” မြည်အောင် လှီးဖြတ်နေပါတယ်။ ညနေ (၅) နာရီနောက်ပိုင်း ဆိုရင်တော့ ဒီဆိုင်ထဲမှာ နေရာလွတ်မကျန်အောင် စားသုံးသူများနဲ့ စည်ကားသွားလေ့ရှိတာဖြစ်ပါတယ်။
ဒီဆိုင်လေးဟာ ကချင်လူငယ်စားဖိုမှူး ပဒန်လာရွယ် ဦးစီးဖွင့်လှစ်ထားတဲ့ “မူအိုင်”လို့ အမည်ပေးထားတဲ့ ရန်ကုန်မြို့ လှည်းတန်းစင်တာနဲ့ မျက်စောင်းထိုး လမ်းသွယ် (၁) လမ်း က ကချင်ရိုးရာစားသောက်ဆိုင် တစ်ဆိုင်ပဲဖြစ်ပါတယ်။ “မူအိုင်” ဆိုတာ“စားလို့ကောင်း” လို့အဓိပ္ပာယ်ရပါတယ်။
ပဒန်လာရွယ်ဟာ အရပ်ရှည်ရှည် အသားဖြူဖြူ နဲ့ စကားပြောရင် အေးအေးလေးပြောတတ်သူဖြစ်ပြီး ငယ်စဉ်ကတည်းက မိခင်နဲ့အတူ အိမ်ကမီးဖိုချောင်မှာ ချက်ပြုတ်ရတာကို ဝါသနာကြီး သူဖြစ်ပါတယ်။ သူဟာ ကချင်ပြည်နယ် ဗန်းမော်မြို့ ဇာတိဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာရန်ကုန်ကို ဆင်းလာကာ ချက်ပြုတ်သင်တန်း တွေတက်ရင်းနဲ့အတွေ့အကြုံများရယူပြီး ၂၀၁၄ ခုနှစ်မှာတော့ စားဖိုမှူးလောကမှာ လုံးဝအခြေချခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ကချင်အစားအစာကို သုံးဆောင်ချင်တယ်ဆိုရင် ခက်ခဲတဲ့အရာတော့ မဟုတ်ပါဘူး။ စမ်းချောင်းမြို့နယ် တစ်ခုထဲမှာကို ကချင်ရိုးရာ စားသောက်ဆိုင်များအရေအတွက်ဟာ လက်ဆယ်ချောင်းမက ရှိနေကြပြီဖြစ်သလို တစ်မြို့လုံးဆိုရင် နှစ်ဒါဇင်ကျော်လောက်အထိ အများအပြားဖွင့်လှစ်နေကြပြီဖြစ်ပါတယ်။ ဒီထက်တောင်ပိုများနိုင်ပါသေးတယ်။
ကချင်စားသောက်ဆိုင် ဖွင့်တာချင်းတူသော်လည်း စိတ်ကူးစိတ်သန်းသစ်တွေနဲ့ တမူထူးခြားအောင် အသေးစိတ် ပြင်ဆင်ရတာကို အနုပညာဖန်တီးရသကဲ့သို့ ပိုနှစ်သက်တာကြောင့် အရသာပိုင်းမှာဆိုရင် အခြားဆိုင်တွေထက် အနည်းငယ်ကွဲပြားလိမ့်မယ်လို့ ပဒန်လာရွယ်က ယုံကြည်စွာပြောပါတယ်။
“တိုင်းရင်းသားအစားအစာဆိုရင် လုံးဝအဆင့်မြင့်တဲ့တန်းကို သွားချင်တယ်၊ ကျွန်တော်က plan ကို ငါးနှစ်လုပ်ထားတယ်၊ အခုနှစ်နှစ် မပြည့်သေးဘူး၊ ဖြည်းဖြည်းချင်းသွားနေတယ်” လို့ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပြောပါတယ်။
ဆိုင်အပြင်အဆင် ချက်ပြုတ်တဲ့ပုံစံများကို ကြည့်လိုက်တာနဲ့ ဒါဟာ “မူအိုင်” ရဲ့စတိုင်လို့ ချက်ချင်းသိစေနိုင်ပြီး အစားအစာများကို လူတွေများများပိုပြီးလက်ခံ လာနိုင်အောင် လက်ရှိထက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ရန်ကုန်နဲ့ မန္တလေးမှာ နောက်ထပ် ဆိုင်ခွဲတွေ ဖွင့်လာနိုင်အောင် ရည်မှန်းထားကာ ကြိုးစားနေတယ်လို့ ပဒန်လာရွယ်က ဆိုပါတယ်။
ယခုဆိုရင် ပဒန်လာရွယ် ချက်ပြုတ်ပေးတဲ့လက်ရာကို ကြိုက်နှစ်သက်တဲ့ ပုံမှန်စားသုံးသူ ဖေါက်သည်တွေ လည်းရှိလာနေပြီဖြစ်ပါတယ်။ သူတို့ဆိုရင် မိသားစုဆက်ဆံရေးမျိုးဖြင့် ပဒန်ကို ဝေဖန်အကြံပေးတာတွေလည်း လုပ်ကြပါတယ်။
“မူအိုင်” ဆိုင်ရဲ့ အစားအသောက်ဈေးနှုန်းဟာ ရန်ကုန်မြို့က အခြားရိုးရာစားသောက်ဆိုင်တွေထက် သက်သာနေတာကြောင့် ဈေးနှုန်းထပ်တင်ဖို့ တိုက်တွန်းတဲ့ ဖေါက်သည်များလည်းရှိတယ်လို့ သူကဆိုပါတယ်။
သူ့ဆိုင်မှာဆိုရင် ကချင်အမဲလုံးထမင်းပေါင်း၊ ကချင်ငါးကင်ဟင်းရွက်စုံထမင်း၊ ကချင်ကြက်သားနှမ်းလုံးထမင်း တွေကိုသုံးဆောင်နိုင်မှာဖြစ်ပြီး ရှတ်ဂျမ်(shat jam) လို့ခေါ်တဲ့ ကချင်ဒံပေါက်ကတော့ “မူအိုင်” ရဲ့လူကြိုက်အများဆုံး အစားအစာဖြစ်ပါတယ်။ ငရုပ်သီးစပ်စပ်နဲ့ ကချင်ဟင်းလျာစစ်စစ်ကိုမှ စားချင်တယ်ဆိုရင်တော့ ဆိတ်သားထောင်းနဲ့ ငါးပေါင်း ထမင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ နောက်ထပ်ရွေးချယ်နိုင်တာကတော့ ပဒန်လာရွယ်ကိုယ်တိုင် ဆန်းသစ်ထားတဲ့ ဟင်းလျာများဖြစ်တဲ့ ဝက်သုံးထပ်သား အိုးကပ်၊ အမဲဂုတ်သားအိုးကပ်၊ ဆိတ်မွချဉ်စပ်ထမင်း စတဲ့အမယ်များပဲ ဖြစ်ပါတယ်။
နောက်တစ်ခု ထူးခြားတယ်လို့ ဆိုနိုင်တာကတော့ “မူအိုင်” ဆိုင်သို့ လာရောက်စားသုံးသူများဟာ ခဏတဖြုတ် လာသူများအင်မတန်ရှားပြီး၊ အစားအသောက်ကိုခုံမင်လို့၊ စိတ်ဝင်စားလို့ လာတဲ့သူက ပိုများတာကြောင့် လျှော့ပြီးလုပ်ပေးလိုက်တာမျိုး မရှိအောင် အမြဲသတိထားရတယ်လို့ သူက ပြောပါတယ်။ စားသုံးသူများအတွက် ဟင်းလျာများကိုချက်ပြုတ် နေချိန်မှာဆိုရင် “ကိုယ့်ရဲ့ အချစ်ရဆုံးသူကို ကြွေးဖို့အတွက် ဖြစ်တယ်” လို့ ပဒန်လာရွယ်က ခံယူထားပါတယ်။
မူအိုင် ဆိုင်ရဲ့ချက်ပြုတ်လက်ရာတွေ အမြဲဆန်းသစ်နေဖို့အတွက် သူပုံမှန်လုပ်ဖြစ်တဲ့ အလေ့အကျင့် တစ်ခုရှိပါတယ်။ အဲဒါကတော့ အားလပ်တဲ့အချိန်တွေမှာ အခြားဆိုင်များကိုလေ့လာတာမျိုး၊ ကိုယ်မစားဖူးတာ ဆိုလို့ရှိရင် မဖြစ်ဖြစ်အောင် စားကြည့်တာမျိုးတွေကို တစ်ပါတ်မှာတစ်ကြိမ် ပုံမှန်လုပ်ဖြစ်တာပါပဲ။
“ကိုယ့်မီးဖို့ချောင်ရဲ့အပြင်ကို ထွက်လိုက်တဲ့အခါကျရင် တခါတလေ ပိုကောင်းတဲ့အတွေးတွေ ရလာတယ်၊ ငါဒီလိုလုပ်လိုက်ရင် စားသုံးသူတွေကြိုက်နိုင်တယ် ဆိုတာတွေပေါ့”
မြေအိုးခွက် ပန်းကန်တွေ အသုံးပြုပေးခြင်းကိုလည်း စားသုံးသူများက သဘောကျကြတယ်လို့ ပဒန်လာရွယ် ကဆိုပါတယ်။ ထိုအပြင် ဖက်ရွက်စိမ်းနဲ့၊ ဝါးကိုလည်းအသုံးပြုပြီး ပါဆယ်ယူသွားသူများအတွက်ဆိုလည်း ဆိုင်မှာမြင်ရတဲ့ အပြင်အဆင်အတိုင်းပဲ ထုတ်ပိုးပေးတာဖြစ်တယ်လို့ သူကပြောပါတယ်။ ကချင်ရိုးရာမှာတော့ အစားအစားတွေကို ဖက်ရွက်စိမ်းနဲ့သာ ထုတ်ပိုးကြပြီး ကျန်းမာရေးနှင့်လည်းညီညွတ်သလို အရသာကိုလည်း ထိန်းပေးနိုင်တယ်လို့ ယုံကြည်ထားပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်စေရန်အတွက် ချက်ပြုတ်တဲ့အခါ ဆီကိုအသုံးမပြုပါဘူး၊ မဖြစ်မနေသုံးရရင်တောင် သံလွင်ဆီနဲ့ နှမ်းဆီစစ်စစ်ကိုသာ အသုံးပြုတယ်လို့ ပဒန်လာရွယ်က ပြောပါတယ်။
“ဒီမှာကတော့ အဓိကက ပြုတ်မယ်၊ ဖုတ်မယ်၊ သုတ်မယ်၊ ထောင်းမယ် ဒါတွေပဲ” ကချင်ဟင်းလျာမှာအသုံးပြုတဲ့ မာဆလာ အသီးအရွက်များနဲ့ တောင်ယာဟင်းချိုမှာထည့်တဲ့ ပိန်းဥတွေကိုလည်း ဗန်းမော်မြို့က မှာယူတာဖြစ်တယ်လို့ သူကဆိုပါတယ်။
နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသူ မကံ့ကော်နဲ့ ဂျာမန်ဘာသာစကား ဆရာမလုပ်နေသူ မငြိမ်းချမ်းမေ ကတော့ “မူအိုင်” ကချင်စားသောက်ဆိုင်မှာ နယ်ကရနိုင်တဲ့ စားသောက်ကုန်တွေနဲ့ အချိုမုန့် မသုံးပဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ထားတာကြောင့် ဒီဆိုင်မှာပဲ တစ်လအနည်းဆုံး သုံးကြိမ်လောက်ပုံမှန် လာစားဖြစ်ပြီး စကောထမင်း(ကချင်ဟင်းပွဲတစ်မျိုး)နဲ့ နှမ်းလုံးထမင်းကို အကြိုက်ဆုံးလို့ နှစ်ဦးလုံးက ဆိုပါတယ်။
ဆိုင်က ဟင်းလျာတွေဟာ စားသုံးသူလာမှသာ ချက်ပေးခြင်းဖြစ်တာကြောင့် အနည်းဆုံး ဆယ် မိနစ်တော့ စောင့်ရတတ်ပြီး စားသုံးသူတွေဘက်မှ အလိုမကျဖြစ်တာတွေလည်းရှိပါတယ်။ ဒါပေမယ့် နိုင်ငံခြားသား ဧည့်သည်များကတော့ စားလိုက်တဲ့အခါ အရသာရှိရှိနဲ့စားရဖို့ကို အဓိကထားပြီး စားလို့မကောင်းရင်လည်း မကောင်းဘူး၊ တခါတည်းပြောတတ် ကြတယ်လို့ ၎င်းရဲ့အတွေ့အကြုံကို ပြောပါတယ်။
၂၀၁၆ ခုနှစ်ကစတင်ကာ ရန်ကုန်မြို့ မြောက်ဥက္ကလာ ကန်သာယာပန်းခြံမှာ စားသောက်ဆိုင်ကို စဖွင့်ခဲ့ပြီး ဟင်းလျာများကို ကိုယ်တိုင်လုပ်ယူခဲ့တာဖြစ်တဲ့အတွက် ဖိအားတွေ ရင်ဆိုင်ရတဲ့အပြင် နေရာရွေး မှားသွားတဲ့အတွက် ပထမတစ်နှစ်မှာ သူမှန်းထားတဲ့ target နဲ့တခြားစီ ဖြစ်သွားတာကို ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ လမ်းကြောင်းမှန်အပေါ်ကို တဖြည်းဖြည်းနဲ့ ပြန်ရောက်လာနိုင်ခဲ့ပြီး အချိန်တစ်နှစ်ကို သာမန်လောက်နဲ့ပဲ ကုန်ဆုံးခဲ့ရတယ်လို့ သူကဆိုပါတယ်။
အနောက်တိုင်းအစားအသောက်များကိုသာ ပိုမိုဝါသနာပါကြပြီး တိုင်းရင်းသားအစားအစာများဆိုရင် ကိုယ့်ရိုးရာမဟုတ်ပါက စိတ်ဝင်စားမှုမရှိကြတာကြောင့် ဝန်ထမ်းရှားပါးတဲ့ပြသနာကိုလည်း ကြုံနေရပါတယ်။
လူငယ်တစ်ယောက်ဖြစ်သော်လည်း မီးဖိုခန်းထဲမှာပဲ အချိန်ကုန်သွားလေ့ရှိပြီး ဖုန်းအဝင်ကိုပင် လက်ခံဖြေကြားဖို့ ခက်တာကြောင့် ပဒန်လာရွယ်အတွက်ကတော့ ချစ်သူရည်းစားထားဖို့ အချိန်မပေးနိုင် သေးပါဘူး။ အစားအသောက်နှင့် ပတ်သက်သည်များကို တစိုက်မတ်မတ်လေ့လာနေတဲ့အတွက် ဘဝကတော့ ငြိမ်းငွေ့စရာ မရှိဘူးလို့ လက်ခံထားသူပါ။
ဒါပေမဲ့ နှလုံးသားရေးကို အချိန်ပေးနိုင်လာပြီး ရည်မှန်းချက်ပန်းတိုင် ချမှတ်ထားတဲ့အတိုင်း ငါးနှစ်အတွင်း တိုင်းရင်းအစားအစာများကို အဆင့်အတန်းမြင့်မြင့်နဲ့ ဆိုင်ခွဲများလည်း ဖွင့်လှစ်လာနိုင်ခဲ့မယ်ဆိုရင်တော့ အင်မတန်ကောင်းမွန်တဲ့ဘဝ ဖြစ်လိမ့်မယ်လို့ သူက ရီမောရင်းဆိုပါတယ်။ လက်ရှိအချိန်မှာ ဖြတ်သန်းနေရတာကို ပဒန်လာရွယ် ပြောပြတာကတော့
“တစ်ခုခုကို ဖန်တီးနေရတာကို ခံစား တယ်၊ ဂုဏ်ယူတယ်၊ ပျော်တယ်”