လေပြင်းဒဏ် ခံခဲ့ရသည့် ဆဒုံးမြို့ပြည်သူများအကူအညီလိုအပ်နေ
လွန်ခဲ့တဲ့ မတ် (၆) ရက်ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်ခဲ့ခြင်းကြောင့် ဆဒုံးမြို့အမှတ်(၃)ရပ်ကွက်ရှိ ဘုရားကျောင်းနှင့် လူနေအိမ်ခြေ (၄၀)ကျော် ပျက်ဆီးခဲ့ပြီး အကူအညီ များလိုအပ်နေကြောင်း ဆဒုံးမြို့လီဆူနှစ်ခြင်းအသင်းတော် အတွင်းရေးမှူး ဆရာလယ်မယ်လေး ကပြောသည်။
“မိုးတွင်းမှာ လယ်စိုက်ဖို့အတွက် စုဆောင်းထားတဲ့ငွေနဲ့ အိမ်ခေါင်မိုးသွပ်တွေပြင်နေရတော့ လုပ်ငန်း လည်ပတ်ဖို့ အထောက်အပံ့တွေ လိုအပ်နေကြတယ်၊ ဆန်တွေလည်း မိုးစိုသွားတော့ စားရေးသောက်ရေး လည်းခက်ခဲနေကြတယ်” ဟု ပြောသည်။
လေပြင်းတိုက်ခတ်မှုမှာ ဘုရားကျောင်း ခေါင်မိုးများလွင့်ထွက်သွားပြီး အုတ်ခုံများလည်း နုတ်ထွက်ကာ တိုင်များလဲကျပျက်ဆီးသွားသည်အထိ ပြင်းထန်စွာတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လေပြင်းတိုက်ခတ်နေစဉ် ရွာသားတစ်ဦး လေပြင်းနှင့်အတူ လွင့်စင်ထိခိုက်မိပြီး ပွန်းပဲ့ဒဏ်ရာ ရရှိတာကလွဲ၍ အခြားထိခိုက်မိသူ မရှိကြောင်း သိရသည်။
ဆဒုံးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်အောင် ကတော့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးသွားသော ဘုရားကျောင်းနှင့် အိမ်ခြေ (၄၆)လုံး လူဦးရေ (၂၀၀) ကျော် ၏စာရင်းများကောက်ယူကာ ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးရုံးသို့ အကြောင်းကြား တင်ပြထားသည်ဟု ဆိုသည်။