ပိတ်မိပြည်သူများအရေး လှုပ်ရှားမှုလူငယ်တာဝန်ခံနှစ်ဦးကို ပုဒ်မ (၁၉)နဲ့ ငွေဒဏ်အမိန့်ချ
ကချင်လူငယ်ထုလှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ အဓိကတာဝန်ခံနှစ်ဦးကို မြစ်ကြီးနားမြို့နယ်ရဲမှူးက ငြိမ်းစုစည်းဥပဒေပုဒ်မ ၁၉ ဖြင့် မြို့နယ်တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုခဲ့ရာ ဒဏ်ငွေ ပေးဆောင်၍ ပြီးစီးသွားပြီဖြစ်ကြောင်း ကိုလွမ်းဇောင်းက ပြောသည်။
“ဆွတ်ဆိုင်းထွယ်နဲ့ ကျွန်တော်နဲ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ကတော့ အပြစ်ရှိမရှိဆိုတာကို မပြောပါဘူး ဒီအပေါ်မှာ တရားသူကြီးအနေနဲ့ အကောင်းဆုံး စီရင်အမိန့်ချပေးဖို့နဲ့ ဒါကို လက်ခံမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်၊ တရားသူကြီးကနေ ဒဏ်ငွေ သုံးသောင်းရိုက်ပြီး အပြီးသတ်ခဲ့ပါတယ်”
ဟု၎င်းက ဆိုသည်။
သက်ဆိုင်ရာမှ ခွင့်ပြုချက်မရသော်လည်း ပိတ်မိပြည်သူများလွတ်မြောက်ရေးအတွက် ကချင်လူငယ်ထုမှ ဦးဆောင်ကာ မတ်လ (၃၀) ရက်နေ့မှစတင်၍ တစ်ပတ်ခန့် မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆန္ဒထုတ်ဖေါ်မှုတွင် ကချင်ပြည်နယ်အရပ်ရပ်မှ လူငယ်များ၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရန်ကုန်၊ မန္တလေးတို့မှ ကချင်လူငယ်များ အားလုံးစုစုပေါင်း တစ်ထောင်ကျော် ပါဝင်ခဲ့ကြသလို ရန်ကုန်၊ မန္တလေး၊ ပဲခူး စတဲ့မြို့များမှ လူငယ်အဖွဲ့များလည်း အလားတူလှုပ်ရှားမှုပြုလုပ်ခဲ့ကြပြီး အချို့လူငယ်ခေါင်းဆောင်များမှာ ပုဒ်မ(၁၉)ဖြင့် တရားစွဲဆိုခံရမှုများ ရှိနေသည်။