တပ်မတော်က ဖမ်းဆီးပြီး လက်နောက်ပြန်ကြိုးချည်ထားခံရသည့် နမ္မတီးဒေသခံတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
လယ်တောတွင် စစ်သားများနှင့် သူကိုယ်တိုင် ကြုံတွေ့ခဲ့သော အဖြစ်အပျက်ကို မိုးကောင်းမြို့နယ် နမ္မတီးမှ ဒေသခံတစ်ဦးက ပြန်လည်ပြောပြထားသည်။
မေလ ၂ရက်နေ့တွင် လယ်ယာတွင်ရောက်ရှိနေသည့် နမ္မတီး ဒေသခံ အမျိုးသား ၄ယောက်အား တပ်မတော်သားများက ခေတ္တဖမ်းဆီးပြီး ထိုသူများမှ ၂ယောက်ကို ၂နာရီခန့် လက်နောက်ပြန်ကြိုးချည်ထားကာ စစ်ဆေးမေးမြန်းမှုများလည်းပြုလုပ်ခဲ့ကြောင်း ကာယကံရှင်က ဆိုထားသည်။
တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း(၁၁)တို့ကြား ဧပြီလ ၂၀ရက်နေ့မှစတင်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ယာလယ်ယာ သွားသည့်လမ်းများတွင် လုံခြုံစွာ သွားလာခွင့်မရှိသဖြင့် နမ္မတီးဒေသခံများအတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံများကဆိုကြသည်။
ယခုအချိန် နွေစပါးများ ရိတ်သိမ်းချိန်ဖြစ်သော်လည်း ၎င်းတို့လယ်ယာသွားသည့်လမ်းများနှင့် လယ်ယာများတွင် စစ်သားများရှိနေသည့်အတွက် ဒေသခံများ တောင်ယာလယ်ယာ မသွားရဲတော့ကြောင်းလည်း ပြောဆိုကြသည်။