ဆန္ဒပြကချင်လူငယ်များနှင့်ဝန်ကြီးချုပ်ညနေ ၃ နာရီတွင် တွေ့ဆုံမည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဆန္ဒထုတ်ဖေါ်နေကြသော ကချင်လူငယ်ထုကိုယ်စားလှယ်များနှင့် ယနေ့ညနေ သုံးနာရီတွင်တွေ့ဆုံရန်အကြောင်းပြန်ထားတယ်လို့ သပိတ်စခန်းဖြစ်မြောက်ရေးကော်မတီမှ ဦးလွမ်းဇောင်းက ပြောသည်။
“သူတို့ဘက်ကတော့ လူငယ်ကိုယ်စားလှယ်သုံးဦးရွေးပြီးလာတွေ့ဖို့အကြောင်းကြားလာတယ်၊ ဝန်ကြီးချုပ်ကနေ ကျွန်တော်တို့ လူငယ်တွေဆန္ဒထုတ်ဖေါ်နေတဲ့ နေရာမှာ လာတွေ့ပေးဖို့တောင်းဆိုထားတယ်၊ အကြောင်းတော့မပြန်သေးဘူး” ဟု၎င်းက ဆိုသည်။
တိုက်ပွဲကြားပိတ်မိနေသော ပြည်သူများလွတ်မြောက်လာနိုင်ရေးအတွက် ယနေ့မနက်မှစတင်ကာ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်း ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးရှေ့တွင် ကချင်လူငယ်ထုမှ ဆန္ဒထုတ်ဖေါ်နေကြသည့် အဆိုပါနေရာသို့ မြို့နယ်ရဲမှူးက နှစ်ကြိမ်တိုင်လာရောက်တွေ့ဆုံစဉ်ညှိနိုင်းခဲ့ခြင်းဖြစ်ပြီး လူငယ်များက ဝန်ကြီးချုပ်နှင့်တွေ့ဆုံခွင်ရရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယခုနှစ်တွင် ကချင်ပြည်နယ်အနှံ့တွင် တိုက်ပွဲများပြန်လည်ပြင်းထန်လာခဲ့ပြီး တောတောင်ထဲတွင် ပြည်သူ ၃၀၀၀ ခန့် ပိတ်မိနေပါသည်။