မြစ်ကြီးနားမြို့မှာ ကုန်ဈေးနှုန်းတွေ ဈေးကြီးနေဆဲဖြစ်ပြီး လုယက်ဓါးပြတိုက်မှုများလည်းရှိနေ
–
မြစ်ကြီနားမြို့မှာ ကုန်ဈေးနှုန်းတွေ ဈေးကြီးနေဆဲဖြစ်သလို လုယက်ဓါးပြတိုက်မှုတွေလည်း များနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က မြစ်ကြီးနားမြို့ အင်ဂျန်ဒုန် ကားလမ်းမပေါ်မှာ အမျိုးသားတစ်ယောက်ဆိုင်ကယ်နဲ့ အမှိုက်သွားပစ်ချိန် ဓါးကိုင်ဆောင်ထားတဲ့ အမျိုးသားတွေက ဆိုင်ကယ်လုယူသွားပြီး၊ ဆိုင်ကယ်ပစ်ထားခဲ့ပေမဲ့ လိုက်ခုတ်သေးတယ်လို့ ဖြစ်စဉ်သိရှိသူ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တဲ့အကြောင်း သတင်းတွေထွက်ပေါ်နေပေမဲ့ ကုန်စည်စီးဆင်းမှုမရှိပဲ ဓါတ်ဆီဈေး အပါအဝင် အခြားကုန်ပစ္စည်းတွေလည်း ဈေးကြီးနေဆဲဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံတွေက ပြောကြပါတယ်။
မြစ်ကြီးနားမြို့အဝင် စစ်ကောင်စီဂိတ်တွေမှာ ကုန်ကားတွေနဲ့ ခရီးသည်ကားတွေကို ငွေကြေးကောက်ခံမှု များနေတာကြောင့်လည်း ကုန်းဈေးနှုန်းတွေ ကျသင့်သလောက် မကျသေးတာဖြစ်မယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဈေးက မကျဘူးလို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ အရင်ထက် ၁၀၀၊ ၂၀၀ (ကျပ်) လောက်ဘဲ သက်သာတာ။ ကြက်ဥတစ်လုံး ၁,၀၀၀ ကျပ်တန်ကနေ ၈၀၀ ကျပ် လောက်ကျတယ်ပေါ့။ ဓါတ်ဆီ တစ်လီတာ ၁၅,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်လောက်တော့ ကျတယ်။”လို့ အသက် (၄၀) နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ရေး အခြေအနေတွေ ပြင်းထန်နေတဲ့ကာလဖြစ်လို့ စားသောက်ကုန်တွေကို ဝယ်ယူစုဆောင်းထားချင်ပေမဲ့ ကုန်ဈေးနှုန်းမြင့်နေတာကြောင့် မဝယ်နိုင်ဘူးလို့ အသက် (၃၀) နှစ်ကျော် မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
“စစ်ရေးသတင်း ကောလဟာလတွေက ကြားနေရတယ်။ စစ်ဖြစ်လာရင် ထွက်ပြေးတဲ့အခါစားဖို့အတွက် အစာခြောက် အစားအစာ ဝယ်စုထား ပြင်ဆင်ထားချင်လည်း ဈေးနှုန်းက မကျဘူး။”လို့ သူမက ပြောပါတယ်။
တရုတ်အစိုးရနဲ့ KIO ခေါင်းဆောင်တွေ တရုတ်နိုင်ငံမှာ တွေ့ဆုံပြီးနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့ကနေ ကချင်ပြည်နယ်တွင်းရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ကုန်စည်စီးဆင်မှုတွေပုံမှန် မရှိသေးကြောင်း သိရပါတယ်။ ဒါ့အပြင် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၄ ရက်နေ့ကနေ စတင်ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။