တမူးမြို့သစ်မြို့မှာ ဖမ်းဆီးရမိထားတဲ့ သုံ့ပန်း (၃၄) ယောက် အချုပ်ခန်းဖောက်ပြီး အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေး လွတ်မြောက်သွား
By KW (Sagaing) 15 December 2024
စစ်ကိုင်းတိုင်း၊ တမူးမြို့ရဲ့ မြို့နယ်ခွဲတစ်ခုဖြစ်တဲ့ မြို့သစ်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း (၃၄) ယောက် အချုပ်ခန်းမှ ဖောက်ထွက်ပြီး၊ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တမူးတော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
မြို့သစ်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီရဲစခန်းမှုး အပါအဝင် ဒုရဲအုပ်၊ တပ်သားအဆင့်တွေနဲ့ နာဂပြည်သူ့စစ်၊ ကသည်းလက်နက်ကိုင်နဲ့ SNA တပ်တွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ NUG ရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (လပဖ) အဖွဲ့တွေ ထိန်းသိမ်းထားတဲ့ သနန်အကျဉ်းစခန်းကနေ ထွက်ပြေးသွားတာဖြစ်တယ်လို့ တမူးတော်လှန်ရေး ရဲဘော်က ပြောပါတယ်။
“မြို့သစ်မြို့ကို သိမ်းယူတဲ့အချိန်မှာ ဖမ်းမိတာက စခန်းမှူး ကျော်ကျော်နိုင်၊ ဒုရဲအုပ် ကျော်ကျော်လွင်၊ ဒုရဲအုပ်မျိုးသန့်နဲ့ ရဲဘော်အဆင့်ရှိသူ (၂၁) ဦးရှိတယ်။ ကျန်သူတွေကတော့ နာဂခေါင်းပိုင်းတစ်ယောက်၊ ကသည်းလက်နက်ကိုင် ခေါင်းဆောင်ပိုင်နှစ်ယောက်နဲ့ နောက်ပြီး SNA တပ်ကတွေ၊ စုစုပေါင်းကတော့ ၃၄ ယောက် သနန်အကျဉ်းထောင် ဖောက်ပြေးကြတာ။ သုံ့ပန်းတွေကို ထိန်းထားတာတော့ တမူးမြို့နယ်က ပလဖ က ထိန်းတာဖြစ်တယ်။”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
သုံ့ပန်းတွေ အိန္ဒိယဘက်ကို ထွက်ပြေးမှုနဲ့ ပတ်သက်ပြီး CDM တပ်ကြပ်ကြီး ထိန်လင်းဆိုသူ ဖမ်းဆီးခံထားရတယ်လို့လည်း ပြောပါတယ်။
“သုံပန်းတွေ ထွက်ပြေးတာက အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတာ။ ထွက်ပြေးလို့ရအောင် စီစဥ်ပေးတဲ့သူက မင်းသာရွာမှာ အရင်က စကစ ဘက်မှာ တာဝန်ထမ်းဆောင်တဲ့ တပ်ကြပ်ကြီး ဆရာထိန်ခေါ် ထိန်လင်းဆိုသူပဲ။ သူက CDM လုပ်လာတာ။ သူကနေပြီး ပလဖ တွေကို အယုံသွင်းပြီးတော့ သုံ့ပန်းတွေကို လွတ်ပေးလိုက်တာ။ သူ့ကိုတော့ အခုဖမ်းဆီးရမိထားပါတယ်။”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း တမူးမြို့မှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း (၅) ဦး ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ဖူးကြောင်းလည်း ဒေသခံတွေဆီကနေ သိရပါတယ်။
တမူးမြို့နယ်၊ မြို့သစ်မြို့ကိုတော့ NUG ရဲ့ အမှတ် (၁) စစ်ဒေသလက်အောက်ခံ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်တွေက ဒီနှစ် ဇွန်လ (၁၁) ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြတာ ဖြစ်ပါတယ်။