စစ်ရှုံးနေသည့် စစ်ကောင်စီက (AA) ကို လက်နက်စွန့်လွှတ်ပြီး ရွေးကောက်ပွဲဝင်ရန် တိုက်တွန်း
–
စစ်ကောင်စီဥက္ကဌက လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို ၎င်းအားတော်လှန်သူများနှင့် အင်အားကြီးနိုင်ငံများကြောင့် တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခရောက်နေသည်ဟု နှစ် (၅၀) ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ၌ ပါရှိသည်။
အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကြောင့် နယ်မြေအများ လက်လွှတ်နေရပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာချုပ်ပါ ထိုးစစ်ဆင်ခံနေရသည့် စစ်ကောင်စီက “ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သမဝါယမနှင့်စက်မှုလက်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၁၀ ဘီလီယံကို ခွင့်ပြုထား”ကြောင်းလည်း သဝဏ်လွှာ၌ တွေ့ရသည်။
AA ကိုလည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး စစ်ကောင်စီဖော်ဆောင်မည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းထားသည်။
၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရခိုင်ပြည်နယ်ကို အတည်ပြုသတ်မှတ်ခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ဆန္ဒခံယူပွဲစတင်ကျင်းပခဲ့သည့် ဒီဇင်ဘာလ (၁၅) ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။