ပြီးခဲ့တဲ့လအတွင်း မြို့(၄)မြို့ သိမ်းပိုက်နိုင်ပြီး၊ စစ်ကောင်စီက အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်
–
အောက်တိုဘာလအတွင်း တော်လှန်ရေးအဖွဲ့တွေက မြို့(၄)မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့တဲ့အပြင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း ညဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေက အောက်တိုဘာလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မြို့တွေဟာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကချင်ပြည်နယ်က ဆော့လော်မြို့၊ နယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါမြို့၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူးမြို့နဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (Ta’ang National Liberation Army – TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့တွေဖြစ်ကြောင်း ညဏ်လင်းသစ်သုတေသနအဖွဲ့က ဖော်ပြထားပါတယ်။
“နှစ်ဘက်တိုက်ပွဲများအတွင်း လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများကိုလည်း တွေ့ရှိရပြီး အောက်တိုဘာလအတွင်း အနည်းဆုံး အရပ်သား (၃၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၆၁) ဦး သေဆုံးခဲ့ကြောင်း တွေ့ရှိရပါသည်။”လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး၊ ဒဏ်ရာရရှိသူ (၃၁၂) ဦးနဲ့ သေဆုံးသူ (၁၃၇) ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကောင်စီစစ်ကြောင်းရဲ့ ဝင်ရောက်သတ်ဖြတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှုမှာ ဒုတိယအများဆုံးဖြစ်ပြီး၊ အရပ်သား အနည်းဆုံး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို (၄၆) ဦး သေဆုံးခဲ့ကြောင်း သုတေသနထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ကျူးလွန်တဲ့အဖွဲ့အစည်းကို မသိရှိရပဲ ထိခိုက်ဒဏ်ရာရရှိသူ (၂၈) ဦးနဲ့ သေဆုံးသူ (၁၂) ဦးရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြောင့်လည်း တနင်္သာရီမှာ အရပ်သား (၃) ဦး သေဆုံးခဲ့ပြီး၊ စစ်ကိုင်းတိုင်းမှာ (၁) ဦး သေဆုံးခဲ့တယ်လို့ ညဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။