ကွတ်ခိုင်မြို့ ဂေသရှေမန် မသန်စွမ်းဂေဟာ၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့
–
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ ရပ်ကွက် (၈) ရှိ ဂေသရှေမန် မသန်စွမ်းဂေဟာ၌ ယနေ့ နံနက် ၉ နာရီနာရီအချိန်၌ ကျင်းပခဲ့သော မသန်စွမ်းသူများနေ့သို့ အယောက် (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဂေသရှေမန်ဂေဟာတွင် မသန်စွမ်းသူများ (၃၀) ဦးခန့်ကို ပြုစုပျိုးထောင်ပေးနေကြောင်းလည်း သိရသည်။
၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ဆောင်ပုဒ်မှာ “အားလုံးပါဝင်သော ရေရှည်တည်တံ့မည့် အနာဂတ်အရေး၊ မသန်စွမ်းသူများ၏ ဦးဆောင်မှုကို မြှင့်တင်ပေး” (“Amplifying the leadership of persons with disabilities for an inclusive and sustainable future) ဖြစ်ကြောင်း သိရသည်။
“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပွားပြီး (၄) နှစ်နီးပါး ကာလအတွင်းမှာ ပြည်သူလူထုတစ်ရပ်လုံး အဖက်ဖက်မှ လူမှုဒုက္ခပေါင်းများစွာ ရင်ဆိုင်နေရတဲ့အပြင် ၎င်းရဲ့ နောက်ဆက်တွဲ ရလဒ်အနေနဲ့ မသန်စွမ်းသူဦးရေ တိုးပွားလာမည်မှာလည်း မလွဲဧကန် ဖြစ်ပါတယ်။”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေ ၅.၉ သန်း ရှိကြောင်းလည်း ဖော်ပြထားသည်။
နှစ်စဉ် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ရန် ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်တွင် ကျင်းပခဲ့သော (၄၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အပိုဒ် (၄၇/၃) အရ အတည်ပြုခဲ့ကြောင်း သိရသည်။