PSLF/TNLA က စစ်ရေးတင်းမာမှုတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ထုတ်ပြန်ထားပေမဲ့၊ စကစ ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အစုအပြုံလိုက် ထိခိုက်သေဆုံးမှုထပ်ရှိ
–
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ မယ်သီလရှင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က ပေါင် (၅၀၀) လေယာဉ်ဗုံးနှစ်လုံးကြဲချခဲ့လို့ သီလရှင်အပါအဝင် (၁၀) ဦးကျော်လောက် သေဆုံးပြီး၊ (၂၀) ဦးလောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၂၅) လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ကျောက်မဲမြို့အပြင်ဘက်က အင်းကြင်းတောင်ရပ်ကွက်၊ ထုံးဘိုရပ်မှာရှိတဲ့ ပလောင်လူမျိုးတွေနေတဲ့ ပရဟိတမယ်သီလရှင်ကျောင်းကို စစ်ကောင်စီတပ်က မနေ့က နိုဝင်ဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ဂျက်ဖိုင်တာတစ်စီးနဲ့ လေယာဉ်ဗုံးကြဲခဲ့တယ်လို့ ကျောက်မဲမြို့ခံတစ်ဦးက ပြောပါတယ်။
“ကျောက်မဲမြို့ပေါ်က ရပ်ကွက်အစွန်ပေါ့။ ကျောက်မဲကနေ ဆိုင်ကယ်နဲ့မှ ၁၀ မိနစ် ၁၅ မိနစ်ပဲ သွားရတယ်။ အဲ့နေရာက ပလောင်တွေ အများဆုံးရှိတဲ့နေရာ။ အဲ့သီလရှင်ကျောင်းကလည်း ပရဟိတပလောင် သီလရှင်ကျောင်းပဲ။”လို့ ကျောက်မဲမြို့ခံက ဆိုပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက်ရှိအရပ်သား (၁၀) ဦးထိမှန်သေဆုံးပြီး၊ အယောက် (၂၀) ကျော် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ဆေးဝါးကုသပေးနေပြီး၊ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း လိုက်လံရှာဖွေရှင်းလင်းနေပါတယ်လို့ TNLA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ပြောနေကြတာတော့ သီလရှင် အသေများမယ်။ ဘေးဘက်အိမ် အရပ်သားတွေကတော့ ထိခိုက်ဒဏ်ရာရ အိမ်တွေ ပျက်စီးပေါ့။ အခုထိတော့ ရှင်းလင်းရေးလုပ်နေတုန်း”လို့ ကျောက်မဲမြို့ခံက ဆိုပါတယ်။
အခုကျောက်မဲမြို့မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က စစ်ရေးတင်းမာမှုတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း တရားဝင်ထုတ်ပြန်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေကြောင်းနဲ့ အရပ်သားပြည်သူပစ်မှတ်နေရာတွေကို ဦးတည်တိုက်ခိုက်တာကြောင့် ဒေသခံ (၁၈) ဦးသေဆုံးပြီး၊ (၃၄) ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ်များထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။