ကုန်းတွင်းထွက်ပေါက် ပိတ်လာတဲ့ ကချင်ပြည်မြောက်ဖျားပိုင်း
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ယခင် ကချင်အထူးဒေသ (၁) အတွင်းက နယ်မြေတွေ အကုန်လုံးကို သိမ်းပိုက်ပြီးနောက်ပိုင်းမှာတော့ ပထဝီဝင် ပေးထားချက်အရ ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပူတာအိုဒေသက စစ်ကောင်စီတပ်တွေဟာ စစ်ရေးအားသာချက်တွေ ကင်းမဲ့လာပြီး ပိုမိုချိနဲ့လာနိုင်တာကို တွေ့ရပါတယ်။
ယခင်အထူးဒေသ (၁) ဟာ နယ်မြေအနေအထားအရ KIA တပ်မဟာ (၁) လှုပ်ရှားနယ်မြေဖြစ်တဲ့ ကချင်ပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသနဲ့ ဆက်စပ်နေတာဖြစ်ပြီး အဆိုပါဒေသဟာ ၂၀၂၄ နှစ်စ ကတည်းက KIA နဲ့ ပူးပေါင်းအဖွဲ့တွေ ပင်မအမြစ်ဖြတ်စစ်ဆင်ရေးဆင်နွှဲနေတဲ့ ဒေသတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဆိုပါဒေသထဲက ဆွမ်ပရာဘွမ်မြို့ကို ဒီနှစ် မေလ ၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး၊ ဆွမ်ပရာဘွမ်ကို သိမ်းပိုက်ခဲ့ပြီးနောက် မြစ်ကြီးနား – ဆွမ်ပရာဘွမ် လမ်းမကြီးကို လုံခြုံရေးယူထားတဲ့ တပ်စခန်းတွေဖြစ်တဲ့ တီယန်ဇွပ်၊ အင်ဆောဇွပ် စတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်တိုက်ဆိုသလို KIA ပူးပေါင်းအဖွဲ့တွေက ဩဂုတ်လထဲမှာပဲ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
ကချင်မြောက်ဖျားပိုင်းဒေသရဲ့ ခရိုင်ရုံးစိုက်ရာ ပူတာအိုဒေသကို ဝင်ရောက်ဖို့ဖြတ်သန်းရမယ့် ဆွမ်ပရာဘွမ်မြို့ကို KIA က သိမ်းပိုက်ထားတာကြောင့် စစ်ကောင်စီဟာ ခါးပြတ်သလို ဖြစ်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဆိုပါ လမ်းကြောပေါ်က စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက အောက်တိုဘာလထဲမှာ စစ်ရေးလှုပ်ရှားတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သေးပေမယ့်လည်း လက်တွေ့ဖြစ်မလာတာကို တွေ့ရပါတယ်။
မြောက်ဖျားပိုင်းကို ဆက်သွယ်ထားတဲ့ ပင်မလမ်းမကြီးကို စစ်ရေးအသုံးပြုခွင့် ဖြတ်တောက်ခံလိုက်ရတဲ့အပြင် အခုမှာတော့ နယ်မြေခြင်းဆက်စပ်နေတဲ့ ကချင်အရှေ့မြောက်ပိုင်း ဒေသတစ်ခုလုံးကို တော်လှန်ရေးဘက်က ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် ပူတာအို၊ မချမ်းဘော့၊ နောင်မွန်နဲ့ ခေါင်လန်ဖူးမြို့နယ်တွေမှာ အခြေချနေတဲ့ စစ်ကောင်စီတပ်တွေအတွက် ပိုမိုကြပ်တည်းလာတဲ့ စစ်ရေးအခြေအနေတွေကို ရင်ဆိုင်နိုင်ရချေ ရှိနေပါတယ်၊၊ ဒါကြောင့်လည်း ပူတာအိုကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလက စတင်ပြီး၊ လမ်းကြောအသွားအလာကို ကြပ်မတ်စစ်ဆေးနေတယ်လို့ KNG သတင်းက ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ ပူတာအိုကနေ ဆွမ်ပရာဘွမ်ကို သွားမယ့်ခရီးသည်၊ ဆွမ်ပရာဘွမ်မြို့ကို ဖြတ်သန်းပြီး မြစ်ကြီးနားဘက်ဆင်းမယ့် ခရီးသည်တွေဆိုရင် ပူတာအို ခလရ (၄၆) ဗျူဟာမှူးဆီမှာ အမည်စာရင်းနဲ့ မှတ်ပုံတင်ကို ကြိုတင်တင်ပြရတဲ့အထိ စစ်ဆေးကြပ်မတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
စစ်ကောင်စီကလည်း ဆွမ်ပရာဘွမ်ကို ပြန်လည်သိမ်းယူနိုင်ဖို့ ပူတာအိုကနေ ဆွမ်ပရာဘွမ်ဘက်ကို အထွက်လမ်းဖြစ်တဲ့ လုံရှာယာန်ကျေးရွာနယ်မြေမှာ စစ်ရေးပြင်ဆင်နေတာတွေရှိသလို သူတို့အသုံးပြုလို့ရနိုင်တဲ့ လေကြောင်းနဲ့ ရိက္ခာ၊ လက်နက်၊ လူအင်အင်းတွေ ဖြည့်ဆည်းနေကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အထက်ပါ အခြေအနေတွေအရ ကုန်းတွင်းပိတ်ဖြစ်နေပြီဖြစ်တဲ့ ကချင်မြောက်ပိုင်းဒေသက စစ်ကောင်စီတပ်အတွက် အနေကြပ်၊ အသေခက်မယ့် ဒေသတစ်ခုဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ရပါတယ်။