စစ်ကောင်စီက မိုးမောက်မြို့စောင့်တပ်ပြန်ရဖို့ ထိုးစစ်ဆင်နေချိန် ဗန်းမော်မြို့ ထိုးစစ်ဆင်တိုက်ခိုက်ခံရ
–
မံစီမြို့စောင့်တပ်တွေနဲ့ ဗန်းမော်မြို့ပတ်ပတ်လည်က စစ်ကောင်စီတပ်စခန်းတွေကို ဒီမနက်ကစပြီး KIA နဲ့ ပူးပေါင်းအဖွဲ့တွေ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိထားပြီလို့ သိရပါတယ်။
စစ်ကောင်စီက ခရစ္စမတ်ကာလ မတိုင်ခင် မိုးမောက် ခမရ (၄၃၇) ကို အရပြန်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်၊ ဗန်းမော် – မိုးမောက် လမ်းကြော (၇) မိုင် ဝန်းကျင်မှာ ဩဂုတ်လကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေပြီးနောက် မံစီလက်ကျန်စခန်းတွေနဲ့ ဗန်းမော်မြို့ဘက်ကို ဒီနေ့မနက် စတင်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ဗန်းမော်လေယာဉ်ကွင်းနဲ့ မြို့အနီးတစ်ဝိုက်နေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် စတင်လာပြီး၊ ဒီနေ့မနက်မှာတော့ ဗန်းမော်နဲ့ မံစီမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“ဒီမနက် ၅ နာရီ လောက်ကနေ စတာလေ။ တောက်လျှောက်သွားတော့မှာ”လို့ ဆိုပါတယ်။
ဒီကနေ့မနက် စတင်လိုက်တဲ့ ထိုးစစ်အတွင်း ဗန်းမော် – မံစီ လမ်းမကြီးပေါ်က ခလရ (၄၇) ရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ ဖန်ခါးကုန်းနဲ့ ညောင်ပင်သာစခန်းတွေကို သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။
မံစီမြို့စောင့်တပ်တွေဖြစ်တဲ့ ခမရ (၃၁၉)၊ (၆၀၁) အပါအဝင် ဗန်းမော်အနီးက ခမရ (၃၅၂ )၊ ခလရ (၄၇)၊ (၆၄၁) စတဲ့တပ်ရင်းတွေကိုပါ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် ဗန်းမော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွါသွားတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဗန်းမော် – မိုးမောက် လမ်းမကြီးဘက်ခြမ်းမှာတော့ ဗန်းမော်မြို့နဲ့ (၃) မိုင်ဝန်းကျင်အထိ တိုက်ပွဲတွေဖြစ်ပွါးနေတဲ့အပြင် ကျေးရွာလူနေအိမ်တွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ရှိတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။