အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှု ကောလင်းမှာပြုလုပ်
–
“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့” အထိမ်းအမှတ်လှုပ်ရှားမှုကို စစ်ကိုင်းတိုင်း ကောလင်းခရိုင်အတွင်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာ NUG အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာနက မြို့နယ်တာဝန်ခံနဲ့ တာဝန်ရှိသူတွေက အထက်တန်းကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့ကြတယ်လို့ Ministry Of Women, Youth and Children Affairs က ထုတ်ပြန်ထားပါတယ်။
အဆိုပါ လှုပ်ရှားမှုမှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ခံတွေက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံကို ရှင်းပြခဲ့ပြီး “အမျိုးသမီးနှင့် မိန်းကလေးများကို လိင်အကြမ်းဖက်မှု အဆုံးသတ်ဖို့ တို့များအတူပူးပေါင်းစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးနဲ့မိန်းကလေးငယ်တွေကို မုဒိန်းမှုကျူးလွန်ခဲ့တာ အမှုပေါင်း (၁၅၀) ကျော်ခဲ့ပြီး ၎င်းကျူးလွန်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ပြီးတော့ ကုလသမဂ္ဂတိုင်ကြားရေး ယန္တရားဆိုင်ရာတွေကိုလည်း ပို့ထားပြီးဖြစ်ကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီ သာမက တော်လှန်ရေးအဖွဲ့ဝင်တွေ၊ ပြည်သူအချင်းချင်း ကျူးလွန်တဲ့အမှုတွေပါ ထိရောက်စွာအရေးယူဖို့ ကြိုးစားနေပါတယ်လို့ NUG အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ဆိုပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် နိုဝင်ဘာ ၂၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားပြီး နှစ်စဉ် ဒီဇက်ဘာ ၁၀ ရက်နေ့အထိ (၁၆) ရက်တာ လှုပ်ရှားမှုပြုလုပ်ကြတာ ဖြစ်ပါတယ်။