သပိတ်ကျင်းမှာ စစ်ကောင်စီတပ်နဲ့ PLA တို့ အပြန်အလှန် ထိုးစစ်ဆင်နေ
–
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တွင်းငယ်ရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေပြီး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း စစ်ကောင်စီရဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃) ကို ထိုးစစ်ဆင်နေတာကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေတယ်လို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
“အခုလောလောဆယ် အခြေအနေကကျတော့ တတက-၁၃ ကို ကိုယ့်ဘက်က ထိုးတယ်။ သူတို့ကလည်း တွင်းငယ်ကို ပြန်ထိုးတယ်။ နှစ်ဖက်အပြန်အလှန် ထိုးနေကြတဲ့ အခြေအနေပေါ့။”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တွင်းငယ်ကို ထိုးစစ်ဆင်နိုင်ဖို့ တွင်းငယ်နဲ့ တတက-၁၃ ကြားမှာရှိတဲ့ လက်နက်ကြီးကုန်းတွေကို အရင်ထိုးစစ်ဆင်နေတာဖြစ်ပြီး၊ PLA ဘက်ကလည်း ခုခံနေရတာတွေရှိသလို တတက-၁၃ ကို ပြန်လည်ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။
“သူက (စကစ) တွင်းငယ်ကို ထိုးချင်နေတာ။ တွင်းငယ်ကို ထိုးဖို့ဆို အဲ့အမြောက်ကုန်းတွေကို အရင်ထိုးမှရတာ။ အဲ့အမြောက်ကုန်းတွေက တွင်းငယ်နဲ့ ဆက်စပ်နေတာ။ အဲ့ကုန်းတွေရမှပဲ တွင်းငယ်ကို ဆက်ထိုးလို့ရမှာ။”လို့ PLA ပြောခွင့်ရက ဆိုပါတယ်။
တိုက်ပွဲတွေမှာတော့ နှစ်ဖက်ထိခိုက်တာတွေရှိပေမဲ့ စစ်ကောင်စီတပ်က သေဆုံးသူများနိုင်တယ်လို့ အဆိုပါတယ်။ တတက-၁၃ တပ်ထဲမှာ လူသေအလောင်းတွေကို မီးရှို့တဲ့ မီးခိုးလုံးကြီးတွေ တက်လာတာတောင်မြင်ရတယ်လို့ သိရပါတယ်။
“တွင်းငယ်သိမ်း ပြီးပြီးချင်းပဲ တတက- ၁၃ တပ်ကို ဝိုင်းလိုက်တာ။ ဘာလို့လဲဆို တွင်းငယ်ကို ပြန်ထိုးလာနိုင်တဲ့တပ်က (တတက) ၁၃ ပဲ။ အဲ့တုန်းကတော့ ဝိုင်းထားတဲ့ အခြေအနေပဲ ရှိသေးတယ်။ သေချာတိုက်နေတာ မရှိဘူး။ အခုကျတော့ သေနတ်သံ ထွက်လာပြီဆိုတော့ သေချာတိုက်နေပြီပေါ့။”လို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
တတက-၁၃ တပ်ဟာ မန္တလေး-ထီးချိုင့်နဲ့ ကချင်ပြည်နယ်ဘက်သွားတဲ့ လမ်းပေါ်မှာတည်ရှိပြီး၊ ၎င်းတပ်ထဲမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးကုတ်နဲ့ မိုးမိတ်ဘက်ကနေ စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်အင်အား တစ်ထောင်နီးပါးရှိနေတယ်လို့လည်း ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ စစ်ကောင်စီတပ်စခန်းကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ PLA နဲ့ TNLA တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။