ကျွန်းလှအနောက်ခြမ်းမှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ကားဝပ်ရှော့တစ်ခု ထိမှန်ပျက်စီးပြီး လူသေဆုံးမှုရှိသလို ကားတွေနဲ့ အိမ်တွေလည်းပျက်စီး
–
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ လိပ်ဆင်းတောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ ကားဝပ်ရှော့တစ်ခုထိမှန်ပြီး ပြည်သူတစ်ဦးသေဆုံး၊ နေအိမ်နဲ့ ကားတွေပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးနဲ့ တိုက်ပွဲမရှိပဲ အကြောင်းမဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲမရှိပါဘူး။ သူတို့က ကြဲချင်လို့ကြဲတာပါ။ ရွာကတွေတော့ အခုရုတ်ရုတ်သဲသဲနဲ့ ရှောင်နေကြတယ်။ အခုလည် ကင်းထောက်ဝဲနေပြန်တယ်။ ဖုန်းလိုင်းတွေလည်း မရကြတော့ တိတိပပ မသိရသေးဘူး။”လို့ ပြောပါတယ်။
လိပ်ဆင်းတောင်ရွာဟာ ကျွန်းလှအနောက်ဘက်ခြမ်း ရေနံမှော်တွေ သွားတဲ့လမ်းပေါ်မှာရှိပြီးတော့ ရွာရဲ့အနောက်ဘက်စွန်းမှာရှိတဲ့ ကားဝပ်ရှော့တစ်ခုကို ထိမှန်ခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးသလို နေအိမ် (၃) လုံးနဲ့ ကားတွေမီးလောင်ပျက်စီးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“အဲ့ဘက်ကတော့ ကားဝပ်ရှော့က ရွာတိုင်းလိုလို ရှိတယ်လေ။ အဲ့မှာက ရေနံမှော်ရှိတော့ ရေနံတွေဘာတွေလည်း တိုက်ကြတော့ ကားဝပ်ရှော့ အကြီးကြီးတွေရှိတာ။ အဲ့နေရာက မြို့အတိုင်းပဲမရှိတာ မရှိအောင်ကို စည်နေတာ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ဝါသဝပျူစောထီးဘုန်းကြီးနဲ့ ဆက်စပ်တဲ့ စစ်ကောင်စီဝါဒဖြန့် ကျွန်းလှမီးအိမ်ရှင် တယ်လီဂရန် ချန်နယ်ကလည်း ကျွန်းလှအနောက်ဘက် လိပ်ဆင်းတောင်ရွာကို လေကြောင်းနဲ့ကြဲခဲ့တယ်လို့ တင်ထားပြီး အဲ့ဘက်ကရွာတွေကိုလည်း လေကြောင်းနဲ့ထပ်ကြဲရန် လှုံ့ဆော်ထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာလည်း ကျွန်းလှအနောက်ခြမ်းဖြစ်တဲ့ ရွာကုန်းကြီးရွာကို လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။