လေးလကျော်လာတဲ့ အင်းတော်ကြီးဒေသက စစ်ရှောင်များအတွက် အကူအညီလိုအပ်နေ
–
လေးလကျော်ကြာ စစ်ရှောင်နေရတဲ့ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့က စစ်ရှောင်တွေအတွက် အကူအညီအထောက်အပံ့တွေ လိုအပ်နေတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာ အင်းတော်ကြီးဒေသရှိ ချောင်းဝ၊ ဝှေလုံနဲ့ ညောင်ပင်ရွာက စစ်ကောင်စီစခန်းတွေကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်းမြို့ကို ဝင်ရောက်တပ်စွဲလာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ (၄) လကျော် ကြာလာပြီလို့ နန့်မွန်းစစ်ရှောင်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
“နန့်မွန်းက တိုက်ပွဲနေရာတော့ မဟုတ်ဘူး။ ဒါပေမယ့် တိုက်ပွဲဖော်ဆောင်ရင်းနဲ့ ဝင်လာတဲ့အခါမှာ KIA ဘက်က ရှောင်ထွက်သွားတာပေါ့။ အဲ့တော့ရွာထဲကို ရှမ်းနီတွေဝင်လာတယ်။ နောက်ပိုင်း တဖြည်းဖြည်းချင်း လူဖမ်းတာတွေ ဓားစာခံလုပ်တာတွေ ရှိလာတဲ့အခါမှာ ရွာလုံးကျွတ်မနေရဲဘဲ ပြေးကြတာပေါ့။”လို့ ပြောပါတယ်။
နမ့်မွန်းက ထွက်ပြေးတိမ်းရှောင်သူအများစုဟာ အင်းတော်ကြီးဒေသတွင်းက ညောင်ပင်ရွာ၊ ဟဲပု၊ ဟဲပါးကျေးရွာနဲ့ နမ်မောက်ကန် အစရှိတဲ့ရွာတွေမှာ စစ်ဘေးရှောင်အဖြစ် သွားရောက်ခိုလှုံနေကြရတာဖြစ်ပြီး ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေထိုင်နေရတဲ့အတွက် နေထိုင်စရာ အမိုးအကာ၊ အိမ်သာတွေ လိုအပ်ချက်ရှိနေတယ်လို့ ဆိုပါတယ်။ ဆေးဝါတွေလည်း လိုအပ်ချက်တွေရှိနေတယ်လို့ စစ်ရှောင်ကူညီနေသူက ဆိုပါတယ်။
“အခြေခံကိစ္စနဲ့ပက်သက်ပြီး အကုန်လုံးလိုအပ်ပါတယ်။ ဆေးဝါးဆိုတာကလည်း မြစ်ကြီးနားမှာတောင် ဝယ်ရခက်တယ်။ ကျွန်တော်တို့တောင် ၁ လကျော်ကျော် ဝယ်စုပြီးမှပဲ တက်လာရတဲ့ အခြေအနေဆိုတော့”လို့ ပြောပါတယ်။
နမ့်မွန်းက စစ်ရှောင်လာတဲ့ လူဦးရေဟာ သုံးထောင်ကျော်လောက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်၊ ကလေးသူငယ်တွေအပြင် သက်ကြီးရွယ်အိုတွေအတွက် ကာကွယ်ဆေး၊ အားဆေးနဲ့ ဆေးဝါးပစ္စည်းတွေလည်း လိုအပ်နေတဲ့ အခြေအနေလို့ ဆိုပါတယ်။
လက်ရှိမှာဒေသတွင်း ပရဟိတအသင်းတွေနဲ့ စစ်ရှောင်အရေး ကူညီနေတဲ့သူတွေကပဲ ဦးဆောင်ဦးရွက်ပြုပြီး စစ်ရှောင်တွေအတွက် အလှူခံပေးတာမျိုး လုပ်ဆောင်နေရတာဖြစ်ပြီး စစ်ရှောင်အတွက် သီးသန့်ကူညီပေးနေတဲ့ အဖွဲ့အစည်းမျိုး မရှိတဲ့အတွက် အကူအညီတွေ အမြောက်အများလိုအပ်နေတယ်လို့ သိရှိရပါတယ်။