BPLA က ဗမာပြည်အညာဒေသကို အခြေချတော့မယ်ဆိုတာ စိတ်ကူးပေါက်ထလုပ်တာ မဟုတ်ကြောင်းပြော
–
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဗမာပြည်အညာဒေသကို အခြေချလာမယ်ဆိုတာ စိတ်ကူးပေါက်ထလုပ်တာ မဟုတ်ပဲ (၃) နှစ်ကျော်အချိန်ယူ ပြင်ဆင်ခဲ့ရတာဖြစ်ကြောင်း အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။
“BPLA ဟာ ဗမာပြည်သူတွေကို ကိုယ်စားပြုမယ့်တပ်တစ်ခုအနေနဲ့၊ အထူးသဖြင့် ဗမာ ERO တခုအဖြစ် ကြိုးစားတည်ဆောက်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ တကယ်လုပ်နိုင်ရင် လူထုက ယုံကြည်ထောက်ခံလာမှာပါပဲ။ ဗမာတပ်တစ်ခုအနေနဲ့ ဗမာလူထုအများစုနေထိုင်ရာ အညာဒေသမှာ စုဖွဲ့မှုအားကောင်းကောင်းနဲ့ စစ်ကောင်စီကို တိုက်ထုတ်နိုင်ဖို့က BPLA ရဲ့ အဓိကရည်မှန်းချက် ဖြစ်ပါတယ်။ အခုမှ အခြေချဖို့ စိတ်ကူးပေါက်လာတာ မဟုတ်ပါဘူး။ (၃) နှစ်ကျော်လောက် ပြင်ဆင်အချိန်ယူခဲ့ခြင်းသာ ဖြစ်ပါတယ်။”လို့ BPLA တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
BPLA တပ်မှူးမောင်ဆောင်းခ ကလည်း အညာဒေသမှာ အခြေချပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ PDF တပ်ရင်းတွေ၊ MOD မဟုတ်တဲ့ အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ပြီး တော်လှန်ရေးအမြန်အောင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်လို့ အောက်တိုဘာ ၂၈ ရက်နေ့ မနေ့က ၎င်းရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။
“BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့ အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက်အောက်ခံတပ် မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်။”လို့ တပ်မှူးမောင်ဆောင်းခ က ထုတ်ပြောထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့နဲ့အတူ BPLA လည်း ပူးတွဲပါဝင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ဆင်ရေး (၁) နှစ်ပြည့်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ အညာဒေသမှာ အခြေချပြီး စစ်ရေးဖော်ဆောင်လာနိုင်တော့မယ်လို့ တပ်မှူးမောင်ဆောင်းခ က အသိပေးထုတ်ပြောလာတာ ဖြစ်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပေးချင်တာတခုက BPLA ဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ် ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။”လို့ ထုတ်ပြောခဲ့ ပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ဟာ စစ်အာဏာသိမ်းပြီးနောက် ပေါက်ပေါက်လာတဲ့ ဗမာလူမျိုးကို ကိုယ်စားပြုဖို့ ရည်မှန်းထားတဲ့ တော်လှန်ရေးအဖွဲ့တစ်ခု ဖြစ်ပါတယ်။ ကရင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပူးတွဲပြီး စစ်ရေးဖော်ဆောင်နေတဲ့ အဖွဲ့ဖြစ်ကြောင်းလည်း သိရပါတယ်။