စစ်ကောင်စီက သုံးရက်အတွင်း စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ အချုပ်ဆောင်ကို လေကြောင်းနဲ့ ၂ ကြိမ် တိုက်ခိုက်မှုကြောင့် ၁၆ ဦး သေဆုံး
–
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က စစ်သုံ့ပန်းတွေကို ချုပ်နှောင်ထားရှိတဲ့ အချုပ်ဆောင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံခံခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
ဒီကနေ့ (အောက်တိုဘာလ ၃၀ ရက်) မနက်အစောပိုင်း ၁ နာရီအချိန်မှာ စစ်ကောင်စီက နောင်ချိုမြို့နယ်ထဲက အချုပ်ဆောင်ကို ဗုံးကြဲချသွားခဲ့တာဖြစ်ပြီး၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ဗိုလ်မှုးတစ်ဦး အပါအဝင် (၄) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသွားတဲ့ စစ်သုံ့ပန်းတွေဟာ အသက် (၄၃) နှစ်အရွယ် ဗိုလ်မှူးနေဝင်း စခတ (၂) (၇) မိုင်၊ အသက် (၄၉) နှစ်အရွယ် တက စခတ (၂) သပိတ်ကျင်း၊ အသက် (၄၉) နှစ်အရွယ် တပ်ကြပ်ကြီးစာရေး အောင်လွင် အမတ (၃၁၉) မိတ္ထီလာ၊ အသက် (၄၉) နှစ်အရွယ် ကျော်နီအောင် (ပျူစောထီး) တို့ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သုံးရက်၊ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ (၆) နာရီခွဲလောက်မှာလည်း နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ အချုပ်ဆောင်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ သုံ့ပန်း (၈) ဦး အပါအဝင် (၁၂) ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကိုလည်း မန္တလေး PDF က သတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေကို သုံးရက်အတွင်း လေကြောင်းနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် (၁၆) ဦး သေဆုံးပြီး၊ ဒဏ်ရာရရှိသူ (၆၀) ဦး ထက်မနည်းရှိလာပြီဖြစ်ကြောင်း သိရပါတယ်။