ပင်လည်ဘူးနဲ့ ဝန်းသိုက စစ်ဘေးရှောင်တွေကို ပြည်သူမှပြည်သူသို့အဖွဲ့တွေ ကူညီလှူဒါန်းခဲ့
–
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးနဲ့ ဝန်းသိုမြို့နယ်တွေမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေကို ပြည်သူမှပြည်သူသို့အဖွဲ့က ငွေနဲ့စားနှပ်ရိက္ခာတွေ ကူညီပေးခဲ့ကြောင်း သိရပါတယ်။
ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ် တောင်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူ (၄၀၀)၊ အိမ်ထောင်စု (၁၂၀) ကို အိမ်ထောင်စုတစ်စုအတွက် တစ်သောင်းကျပ်နှုန်းနဲ့ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူမှပြည်သူအဖွဲ့က ကိုသဲမောင်က ပြောပါတယ်။
အဆိုပါ အလှူငွေတွေကို စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှတဆင့် လှူဒါန်းခဲ့တာဖြစ်ပြီး မြေပြင်အခက်ခဲကြောင့် ဆန်နှစ်ပြည်နှုန်းနဲ့ ကူညီလှူဒါန်းမယ့်အစား ငွေသားကိုသာ ထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။
အဲ့ဒီအပြင် စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှတဆင့် ဝန်းသိုမြို့ သက်တန့်ရောင်နီအဖွဲ့မှ အလှူရှင်များကိုယ်စား ဝန်းသိုမြို့နယ်က ရက်ရှည်စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ (၈) ရွာက ပြည်သူတွေကို ဒီကနေ့ အောက်တိုဘာ ၂၄ ရက်နေ့မှာ စားနပ်ရိက္ခာတွေ သွားရောက်ကူညီခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ထုတ်ပြန်ထားပါတယ်။
ဝန်းသိုမြို့နယ်က မော်နိုင်၊ မော်ခါး၊ ဘင်္ဂ၊ ကျောက်ကြီး၊ ပင်လုံ၊ မအူတော၊ ကျည်ကုန်း၊ ဇီးဖြူကုန်း စတဲ့ ကျေးရွာ (၈) ရွာက စစ်ဘေးရှောင်နေကြရတဲ့ အိမ်ထောင်စု (၇၃) စုမှ လူဦးရေ (၃၃၅) ဦးကို တစ်ဦးအတွက် ဆန်တစ်ပြည်နှုန်း ဝေငှကူညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ဟာ စစ်ကိုင်းတိုင်းအတွင်း ခက်ခဲနေတဲ့ စစ်ဘေးရှောင်တွေကို သွားရောက် ကူညီပေးနေတဲ့ အဖွဲ့စည်းဖြစ်ကြောင်း သိရပါတယ်။