တန့်ဆည်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ အရပ်သားတွေ အရက်အတူတူသောက်ရာကနေ ရန်ဖြစ်ပြီး သေနတ်ပစ်ခတ်မှုကြောင့် ၃ ဦး ဒဏ်ရာရ
–
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ အရက်အတူတူသောက်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ အရပ်သားတွေ အရက်ဆိုင်မှာ စကားများလို့ ဝင်ရောက်ဖြန်ဖြေခဲ့တဲ့သူတွေကို သေနတ်ပစ်ခတ်မှုဖြစ်လို့ ပြည်သူ (၃) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့၊ အောက်တိုဘာလ ၁၈ ရက်နေ့ ည ၈ နာရီလောက်မှာ တန့်ဆည်မြို့နယ် အိုးသည်ကုန်းရွာက အရက်ဆိုင်မှာ ရွာသားတွေနဲ့ ရွှေဘိုခရိုင်တပ်ရင်း (၆) က ကာကွယ်ရေး ရဲဘော်တို့ စကားများ ရန်ဖြစ်ရာကနေ ဝင်ဖြန်ဖြေပေးတဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အိုးသည်ကုန်းရွာသားတွေ အရက်သောက်နေတာကို တပ်ရင်း (၆) က ရဲဘော်တစ်ယောက်က သူရောသောက်ဖို့ လာခဲ့တာ။ အရက်ကလည်း အဲ့ရဲဘော်ကပဲ ထပ်ဝယ်ခဲ့တာ။ အဲ့မှာသောက်ကြရင်းနဲ့ ရန်ဖြစ်ကြတာ။ စရန်ဖြစ်တော့ ရဲဘော်ကအရင် ရွာသားတစ်ယောက်ကို ထိုးလိုက်တာ အဲ့ဒါကိုဝင်ဆွဲရင်း ဆက်ဖြစ်တာ။ အဲ့နောက် ရဲဘော်က သူ့အဖွဲ့ကလူတွေကို လှမ်းခေါ်ပြီး သေနတ်ယူခိုင်းပြီး ပစ်တာ။ အထိုးခံရတဲ့လူကတော့ သေနတ်မထိလိုက်ဘူး။ ဝင်ဖြန်ဖြေပေးတဲ့ (၃) ယောက်ကပဲ ကျည်ထိလိုက်တာ။”လို့ ဆိုပါတယ်။
ပြည်သူတွေကို ပစ်ခတ်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း (၆) က ရဲဘော်ကိုတော့ ယခုထက်ထိ အရေးယူဆောင်ရွက်တာတွေ မတွေ့သေးဘူးလို့လည်း ပြောပါတယ်။ အဆိုပါ ပစ်ခတ်ခဲ့မှုကြောင့် အသက် (၂၀) နှစ်ကျော်အရွယ် အမျိုးသားသုံးဦး ခြေတောက် ကျည်ထိမှန်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ပစ်တာက ဘယ်နှစ်ချက်လဲတော့ အတိအကျမသိဘူး။ ကျည်ခွံခြောက်ခုရတယ်။ ထိတာကတော့ ခြေတောက်တွေချည်းပဲ။ တစ်ယောက်က အရိုးကြေသွားတယ် စတီးရိုးထည့်ရမယ်တဲ့။ နောက်တစ်ယောက်က သွေးကြောပြတ်သွားတယ် ပြောတယ်။ သူကတော့ စိုးရိမ်ရနိုင်တယ်။ နောက်တစ်ယောက်က ထုတ်ချင်းပေါက်သွားတယ်။ သူကတော့ အရိုးအကြော မထိဘူး။ သွေးကြောပြတ်သွားတဲ့တစ်ယောက် အိုးသည်ကုန်း အုပ်ချုပ်ရေးမှူးရဲ့သား။”လို့ ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေဘိုခရိုင်တပ်ရင်း (၆) က တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားချက်တော့ မရသေးပါဘူး။
အလားတူ ပြီးခဲ့တဲ့ သီတင်းကျွန်လပြည့်ညဖြစ်တဲ့ အောက်တိုဘာ ၁၇ ရက်နေ့မှာလည်း အင်းတော်မြို့နယ်၊ မော်လူးမြို့ အရက်ဆိုင်တစ်ဆိုင်မှာလည်း ပကဖ ရဲဘော်နှစ်ယောက် အချင်းချင်းစကားများရာကနေ အရက်ဆိုင်မှာ ထိုင်နေတဲ့ပြည်သူတစ်ချို့ကို သေနတ်တွေနဲ့ ချိန်ရွယ်ကာ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့လည်း အင်းတော် ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တန့်ဆည်နယ်က အမည်မဖော်လိုတဲ့ ရဲဘော်တစ်ဦးကတော့ လက်နက်ကိုင်ပြီး ပြည်သူကို အနိုင်ကျင့်တဲ့ပုံစံမျိုးတွေနဲ့ လက်နက်ကိုင်အချင်းချင်း ပစ်ခတ်မှုတွေရှိလာမှာကို စိုးရိမ်တဲ့အတွက် ဒီလိုကိစ္စတွေကို အမြန်ဆုံး အရေးယူဆောင်ရွက်တာတွေ လုပ်စေချင်တယ်လို့လည်း ပြောထားပါတယ်။