နောင်ချိုမြို့မှာလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစုဝင် (၃) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရ
–
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဒီမနက်မှာ လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ မိသားစုဝင် (၃) ဦး သေဆုံးခဲ့ပြီး (၃) ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၁၇) လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက် ၅ နာရီ ကျော်လောက်အချိန်မှာ နောင်ချိုမြို့ တောင်ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး နှစ်ကြိမ် လာရောက်ကြဲချခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ပထမတစ်ကြိမ် မနက် ၅ နာရီ ၁၅ မိနစ်လောက်က ဗုံးကြဲချတာကြောင့် ဦးကျော်တို့နေအိမ်ပေါ်ကို ကျရောက်ခဲ့ပြီး ဖခင်ဖြစ်သူ ဦးကျော်နဲ့ သမီးဖြစ်သူ မကျော်စုဝေနဲ့ မခင်နဒီကျော်တို့ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မနက် ၅ နာရီ ၂၅ မိနစ်လောက်မှာ နောက်ထပ်တစ်ကြိမ် ဗုံးကြဲချခဲ့တာကြောင့် ဦးပြားရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ဦးပြားနဲ့ ဇနီးဖြစ်သူ မချောငယ်တို့အပါအဝင် အခြားအရပ်သားပြည်သူ (၃) ဦးလည်း ထိခိုက်ဒဏ်ရာ အပြင်းထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သီတင်းကျွတ်လပြည့်ညကလည်း စစ်ကောင်စီတပ်က နောင်ချို့မြို့အတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်က မူဆယ်မြို့မှအပ ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့တွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ် ဒေသခံပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ နေ့စဥ်ဗုံးကြဲတိုက်ခိုက်နေလို့လည်း TNLA က သတင်းဖော်ပြထားပါတယ်။