ပန်ဝါဒေသမှာ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေ ကျောင်းသားနဲ့ မြေရှားသတ္တုဆိုဒ်လုပ်သားတွေကို စုဆောင်းရေးလုပ်နေတယ်လို့ ပြော
–
လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) အတွင်းက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက အထက်တန်းကျောင်းသားတွေပါမချန် စစ်သင်တန်းပေးနေကြောင်း သိရှိရပါတယ်။
အောက်တိုဘာ ပထမအပတ်လောက်ကစတင်ပြီး ကချင်ပြည်နယ်အထူးဒေသ (၁) ပန်ဝါနဲ့ ကန်ပိုက်တည်မြို့တွေမှာ စစ်သင်တန်းပေးဖို့ လူသစ်စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွေက ဆိုကြပါတယ်။
ပန်ဝါဒေသမှာ အထက်တန်းကျောင်းတွေမှာပါ စစ်သင်တန်းပေးနေတဲ့အပြင် မြေရှားသတ္တုဆိုဒ်က လုပ်သားတွေကိုလည်း စစ်သင်တန်းပေးဖို့ ဖမ်းဆီးနေတယ်လို့ ပန်ဝါဒေသက ပြည်သူတွေကတစ်ဆင့် သိရှိရကြောင်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“စာသင်ကျောင်းမှာကို သင်တန်းပေးတာ။ အထက်တန်းကျောင်းသားတွေ အကုန်လုံးကို စစ်သင်တန်းလိုက်ပေးနေတာ။ အကုန်လုံး စစ်သင်တန်းတက်ထားရမယ်ဆိုတဲ့ အခြေအနေမျိုး လုပ်နေတာ။ သတ္တုဆိုဒ်က လူတွေရော အကုန်လုံး”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လူသစ်စုဆောင်းရာမှာ ဒေသတွင်းနေထိုင်သူ ပြည်သူတွေသာမကဘဲ လူမျိုးမရွေး၊ သက်လတ်ပိုင်း လူငယ်တွေကို ဖမ်းဆီးစုဆောင်းနေတယ်လို့လည်း ဆိုပါတယ်။
“အဓိကကတော့ သက်လတ်ပိုင်းလူငယ်တွေကို လိုက်ဖမ်းနေတဲ့သဘောပဲ။ ဒေသခံမဟုတ်ဘူးဆိုရင် အလုပ်သမားကဒ်၊ နေထိုင်ခွင့်လက်မှတ်တွေ၊ မှတ်ပုံတင်တွေ အဲ့တာတွေစစ်ပြီး အဲ့တာတွေ မပြည့်စုံဘူးဆို ဖမ်းတယ်တဲ့။ အဲ့တာတွေပြည့်စုံရင်လည်း ဖမ်းတာတဲ့”လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
စစ်သင်တန်းပေးဖို့ကိုပဲ အဓိက အာရုံစိုက်လုပ်ဆောင်နေတဲ့အပြင် စစ်ရေးအခြေအနေတွေကြောင့်လည်း သတ္တုဆိုဒ်အများစုဟာ ရပ်နားထားရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။
တရုတ် – မြန်မာ နယ်စပ်ဂိတ်ရှိတဲ့ ကန်ပိုက်တည်မြို့မှာလည်း တည်းခိုခန်း၊ စားသောက်ဆိုင်တွေပါမကျန် နယ်ခြားစောင့်တပ်တွေက ဝင်ရောက်စစ်ဆေးပြီး စုဆောင်းရေးလုပ်နေတယ်လို့ ကန်ပိုင်တည်မှာ ရောက်ရှိနေတဲ့ ပြည်သူတစ်ဦးက ဆိုပါတယ်။
“ကျွန်တော့်ရှေ့မှာ တင်ဆွဲတာ။ အကင်ဆိုင်မှာထိုင်နေတဲ့ ကောင်လေး (၃) ယောက်တောင် ပါသွားတယ်။ (အမှတ်) ၁၀၀၃ တပ်က ဆွဲတာ။”လို့ အဆိုပါ မျက်မြင်တွေ့ရှိခဲ့တဲ့ ပြည်သူက ဆိုပါတယ်။
ကန်ပိုင်တည်မြို့မှာ အောက်တိုဘာ ပထမအပတ်ထဲမှာတင် အရပ်သားတစ်ရာကျော်လောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတွင်းမှာ နေထိုင်သူတွေက ဆိုကြပါတယ်။
ကချင်ပြည်နယ်အထူးဒေသ (၁) အတွင်းက ဂန့်ဂွင်းကျေးရွာအခြေစိုက် အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်း၊ လုပီကျေးရွာအခြေစိုက် အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ရင်းနဲ့ စင်ကြိုင်ကျေးရွာအခြေစိုက် အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်း ဆိုပြီး တပ်ရင်းသုံးခုရှိပါတယ်။
အထူးဒေသ (၁) ဌာနချုပ် ပန်ဝါနဲ့ ၁၀ မိုက်လောက်တာဝေးတဲ့ လုပီကျေးရွာရွာအခြေစိုက် အမှတ် (၁၀၀၂) တပ်ရင်းကို ဒီအောက်တိုဘာ ၁၄ ရက်နေ့ကနေ KIA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး၊ ချီဖွေမြို့ကို စက်တင်ဘာ ၃၀ ရက်နေ့နဲ့ ဆော့လော်မြို့ကို အောက်တိုဘာ ၂ ရက်နေ့တွေမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။