မုံရွာ – ပုသိမ်လမ်းမပေါ်တွင် ကင်းပတ်ထွက်လာသော စစ်ကောင်စီစစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေ
–
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မုံရွာ – ပုသိမ်လမ်းမပေါ်တွင် တပ်စွဲထားသော ရဲတပ်ရင်း ၂၈ နှင့် ဝမ်ပေါင်ကုမ္မဏီအတွက် လုံခြုံရေးချထားသောတပ်ဖွဲ့မှ ကင်းပတ်လာသည့် စစ်ကောင်စီစစ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်တို့က ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ADPRA အဖွဲ့ ထုတ်ပြန်ထားသည်။
ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် အင်အား ၆ ယောက်ခန့်နှင့် ကင်းပတ်လာချိန် အုံတုံပင်ကျေးရွာနှင့် ကျေးစာကျကျေးရွာကြားတွင် တော်လှန်ရေးပူးပေါင်းတပ်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ADPRA တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“တိုက်ပွဲကတော့ ၆ နာရီခွဲလောက်က ဖြစ်တာ။ တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်လောက်တော့ ကြာမယ်။ ရန်သူ့ဘက်က ၅ ကောင်သေတယ်။ ၁ ကောင်ဒဏ်ရာ ပြင်းထန်တယ်။ ကိုယ့်ဘက်ကတော့ ရဲဘော်တစ်ယောက် ပေးဆပ်လိုက်ရတယ်။”ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ဒဏ်ရာအပြင်းထန်သည့်အပြင် MA – 11 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ် ၃ လက်သိမ်းဆည်းရမိခဲ့သလို ADPRA ၏ မဟာမိတ်ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲအား ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် – ၃၀ (ADPRA) တပ်ခွဲ ၂ (Black Shadow PDF)၊ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်း ဂဠုန်ရာဇာအဖွဲ့၊ မဟူရာဒေါင်းမင်းတပ်ဖွဲ့၊ CDRF နှင့် Black Eagle တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။