မိုးကောင်းတွင် NLD ပါတီဝင်တို့၏ မိသားစုဝင် အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ
–
မိုးကောင်းမြို့နယ်တွင် ဇူလိုင် ၁၁ ရက်နေ့ညက အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခင် NLD အစိုးရလက်ထက် မန်ရွက်ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကျော်အုန်း၏ ဇနီးဖြစ်သူ ဒေါ်အုန်းသောင်း နှင့် NLD ပါတီဝင်ဖြစ်သည့် ဦးမျိုးမင်းသိန်း၏ သမီးဖြစ်သူတို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိုးကောင်းဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“သူတို့ (စစ်ကောင်စီ) က တနေ့ (ဇူလိုင် ၁၁ ရက်နေ့) က ည ၁၀ နာရီမှာ လာဖမ်းသွားတာ။ ၁၁ လောက်မှာက ဦးမင်းသိန်းရဲ့သမီးကိုလည်း ဖမ်းသွားတယ်တဲ့။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းတို့ကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရသလို လက်ရှိအချိန်ထိ မည်သည့်နေရာ၌ ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း မသိရှိရဟု ၎င်းတို့နှင့်နီးစပ်သူများထံမှတစ်ဆင့် သိရှိရကြောင်း ၎င်းအမျိုးသမီးက ဆိုသည်။
ဖမ်းဆီးခံရသူ ဒေါ်အုန်းသောင်း၏ အမျိုးသားဖြစ်သူ ဦးကျော်အုန်း သည် အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသော်လည်း ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး၊ NLD ပါတီဝင် ဦးမျိုးမင်းသိန်း သည် လက်ရှိနိုင်ငံရေး အခြေအနေကြောင့် တိမ်းရှောင်နေရသူ ဖြစ်ကြောင်း သိရသည်။