အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေး လေဟာနယ် မဖြစ်အောင် မန္တလေးဒေသရဲ့ ကြားကာလ နိုင်ငံရေး အစီအမံ (မူကြမ်း) ပေါ်ပေါက်ရေး လုပ်ဆောင်လာ
–
ရှမ်းမန်းစစ်ဆင်ရေး အရှိန်အဟုန်မြင့်နေချိန်အတွင်း မန္တလေးတိုင်းအတွက် ကြားကာလ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နိုင်ဖို့ ကြားကာလ နိုင်ငံရေး အစီအမံမူကြမ်း ထွက်ပေါ်လာရေးအတွက် မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီနဲ့ မန္တလေးဒေသ တော်လှန်ရေးအင်အားစုများမှ ဇူလိုင်လ ၁၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မန္တလေးတိုင်းအတွက် အနာဂတ်မှာ ရောက်ရှိလာမယ့် အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေးအစီအမံ (အုပ်ချုပ်ရေးယန္တရား) ကို ဖော်ဆောင်ဖို့အတွက် မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ၊ မန္တလေးတိုင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ပါတီများ၊ ၂၀၂၀ ပြည့်နှစ် မန္တလေးတိုင်းကိုယ်စားပြု ရွေးကောက်ခံကိုယ်စာလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူထုသပိတ်တိုက်ပွဲ၊ လူထုလှုပ်ရှားမှုဆိုင်ရာ အင်အားစုများ၊ သမဂ္ဂကျောင်းသားလူငယ် အမျိုးသမီးအင်အားစုများ၊ CDM ဆိုင်ရာအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ မန္တလေးဒေသတွင်း အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး ကဏ္ဍတာဝန်ရှိသူများနှင့် ၂၀၂၃ ခုနှစ် ဩဂုတ်လမှ စတင်ကာ ဆွေးနွေးအတည်ပြုခဲ့တာဖြစ်တယ်လို့ ဒီကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။
“ဒါတွေအားလုံး စုပေါင်းပြီးတော့ ဝိုင်းဝန်းပြီးတော့ ဆွေးနွေးလာတာ ၁ နှစ်ကျော် ကြာတယ်ပေါ့နော်။ တစ်ချက်ချင်းကို မန္တလေးဒေသနဲ့ ကိုက်မဲ့အကြောင်းရာတွေကို ဆွေးနွေးလာကြတယ်။ ရလဒ်ကို သဘောတူညီမှု ရလာတဲ့အတွက် ကျွန်တော်တို့ ထုတ်ပြန်လာခဲ့တယ်။ ကြေညာပြီးတဲ့နောက်မှာ အစုအဖွဲ့ ၆ စုမှာပါတဲ့ အစုအဖွဲ့တွေစုံညီတာနဲ့ ဒီကိုယ်စားပြုတွေနဲ့ ဒီကော်မတီကနေပြီးမှ လုပ်ငန်းစဉ် စလုပ်ဖို့ရှိပါတယ်။ မန္တလေးနဲ့ စစ်ရေးအနေထားအရ နယ်မြေထိုးဖောက်လာတဲ့အခါမှာ သွားလို့လာလို့ရတဲ့ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေတွေမှာ နိုင်ငံရေး လေဟာနယ်မဖြစ်ဖို့ရာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍတွေ အစီစဉ်တကျ လုပ်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်မှု ကော်မတီနဲ့ရော ကျန်တဲ့ဝန်ကြီးဌာနတွေနဲ့ရော ချိတ်ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေရှိပါတယ်။”လို့ ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။
ကြားကာလ တော်လှန်ရေးကာလ ဖြစ်တဲ့အတွက် မြေပြင်က ပွတ်တိုက်မှုတွေကို တတ်နိုင်သမျှ နည်းနိုင်သမျှနည်းအောင် မရှိအောင် တွေ့ဆုံမှုတွလုပ်ခဲ့သလို နိုင်ငံရေးအစီအမံ (မူကြမ်း) ကို စပြီးတော့ ရေးဆွဲနိုင်အောင် လုပ်ငန်းစဉ်ကို စလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆွေးနွေးမှုထဲမှာ တိုက်ခိုက်ရေးဘက်ကတွေလည်း ပါဝင်သလို တခြားတပ်ဖွဲ့တွေလည်း ပူးပေါင်းနိုင်ဖို့ လိုက်လံချိတ်ဆက်မှုတွေ လုပ်ဆောင်နေကြတယ်လို့လည်း ပြောပါတယ်။
“ယခုလို အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်တဲ့အခါမှာ ဆွေးနွေးမှုထဲမှာ တိုက်ခိုက်ရေးဘက်က တစ်ချို့တွေလည်း ပါဝင်နေတဲ့အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) အပါအဝင် တခြားလက်နက်ကိုင် တပ်ဖွဲ့တွေကိုလည်း ပူးပေါင်းပါဝင်နိုင်ဖို့ လိုက်လံချိတ်ဆက်ပြီး လုပ်ဆောင်နေတယ်။ ပူးပေါင်းအားနဲ့ သွားဖို့ပါပဲ အဲ့ဒီအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တဲ့အတွက် ပါဝင်လာမယ်လို့လည်း ကျွန်တော်တို့က ယုံကြည်ပါတယ်။”လို့ ပြောပါတယ်။
အလုပ်လုပ်တဲ့နေရာမှာ တစ်ရာရာခိုင်နှုန်း စင်းလုံးချောတော့ အဆင်ပြေတာတော့ မရှိပေမဲ့၊ အခက်အခဲလေးတွေတော့ ရှိကြတာပါပဲ၊ အဖွဲ့အစည်းတွေရဲ့ အမြင်ကတော့ လက်ရှိလုပ်ဆောင်နေတဲ့ ထုတ်ပြန်ချက်အရ ဒီထုတ်ပြန်ချက်အပေါ်မှာလည်း တခြားတိုက်ခိုက်ရေး အဖွဲ့အစည်းတွေလည်း ပါဝင်တယ်ဆိုတော့ လက်ခံမယ်လို့ ယုံကြည်ပါတယ်လို့ ဆက်ပြောပါတယ်။
NUG အစိုးရရဲ့ ဝန်ကြီးတွေက တစ်နိုင်ငံလုံးကို ကိုင်တွယ်ရတဲ့အခါမှာ တချို့နေရာလေးတွေက ဝန်ပေါ့လာတာလေးတွေ ရှိလာပါမယ်။ NUG အစိုးရအနေနဲ့ လက်ခံမယ့် အကြောင်းအရာလို့ မြင်မိပါတယ်လို့ ပြောထားပါတယ်။
အဆိုပါ မူကြမ်းရေးဆွဲတဲ့ လုပ်ငန်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကိုယ်စားလှယ် ၁၂ ဦး၊ နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စားလှယ် တစ်ပါတီနှစ်ဦးစီ၊ လူထုသပိတ်၊ CDM၊ သမဂ္ဂနဲ့ အရပ်ဖက်အဖွဲ့အစည်း၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ မသန်စွမ်း၊ LGTQ၊ ကျောင်သား/လယ်ငယ်ရေးရာ အစုအဖွဲ့ကိုယ်စားလှယ် ၁၅ ဦး၊ NUG အစိုးရရဲ့ မန္တလေးတိုင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေး ကဏ္ဍအစုအဖွဲ့ ၄ ဦး၊ လူနည်းစုကိုယ်စားလှယ် လူနည်းစုတစ်စုအတွက် နှစ်ဦးစီနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့မှ ၄ ဦး ပါဝင်တို့နဲ့ ဖွဲ့စည်းရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ကော်မတီသက်တမ်းကို သာမန်အားဖြင့် ၄ လသတ်မှတ်ထား သတ်မှတ်ထားပါတယ်။ ကော်မတီရေးဆွဲထားတဲ့ မူကြမ်းကို မန္တလေးဒေသ တော်လှန်ရေးအင်အားစုများပါဝင်တဲ့ အခင်းအကျင်းဆုံရပ်မှာ မဏာမ အတည်ပြုပြီးနောက် မန္တလေးတိုင်းလွှတ်တော်ကို ပေးပို့အတည်ပြုပြီးရင် အများပြည်သူသိစေရန် ထုတ်ပြန်ကြေညာရမယ်လို့ ဆိုထားပါတယ်။