လက်နက်မချသော တပ်စခန်းများကို မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခြေမှုန်းသွားမည်ဟု MDY-PDF ပြော
–
နောင်ချိုမြို့သိမ်းတိုက်ပွဲတွင် တွဲလိုက်ပစ်ဒုံးလက်နက်များ အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည့်အပြင် မတ္တရာမြို့ အင်ကြင်းမြိုင်လေတပ်စခန်းမှ သိမ်းပိုက်ရရှိထားသည့် လေယာဉ်ပစ် စက်သေနတ်အကြီးများနှင့် ပတ်သက်၍လည်း လေ့ကျင့်ပြင်ဆင်ပြီးဖြစ်ကြောင်း MDY-PDF က ယနေ့ ထုတ်ပြန်လိုက်သည်။
ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်တိုက်ခိုက်ပြီး သီတင်းနှစ်ပတ်ကြာတွင် နောင်ချိုမြို့နယ်ရှိ ခမရ (၁၁၄)၊ ခမရ (၁၁၅) နှင့် အမတ (၆၀၆) ဒုံးတပ် စသည့်တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့၍ တွဲလိုက်ပစ်ဒုံးလက်နက်များ အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အမြန်ဆုံးလက်နက်ချ အလင်းဝင်ရန် တိုက်တွန်းလိုကြောင်းနှင့် လက်နက်ချအလင်းဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာ ရှင်သန်နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကတိပြုသည်ဟု အသိပေးထားသည်။
လက်နက်မချသော တပ်စခန်းများကို မဟာမိတ်ပူးပေါင်းတပ်တို့နှင့်အတူ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခြေမှုန်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ စကခ-၁၊ ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၁၀ ရက်နေ့ မွန်လွဲပိုင်း ၃ နာရီ အချိန်တွင် TNLA၊ MDY PDF နှင့် DPLA ပူးပေါင်းတပ်ဖွဲ့တို့က အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA ကလည်း ထုတ်ပြန်ထားသည်။