စစ်ကောင်စီရဲ့ ရှို့မီးကြောင့် မီးဘေးသင့်နေတဲ့ ရေဦးမြို့က ပြည်သူတွေကို ကူညီခဲ့
9 July 2024 – Kachinwaves
စစ်ကောင်စီတပ်ရဲ့ ကျေးရွာမီးရှို့ဖျက်ဆီးမှုတွေကြောင့် မီးဘေးသင့်နေတဲ့ ပြည်သူအတွက် အရေးပေါ်လိုအပ်နေတဲ့ မိုးကာတွေကို လှူဒါန်းပေးခဲ့တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့ထံမှ သိရပါတယ်။
ရေဦးနယ်အတွင်းက မီးဘေးသင့် ပြည်သူတွေဖြစ်တဲ့ အိမ်ထောင်စု ၁၁၀ ကို (၁၅ × ၁၈) ပေ မိုးကာတွေနဲ့ (၂၀ × ၂၀) ပေ ပတ်လည် မိုးကာတွေကို ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေရဲ့ အကူအညီနဲ့ လှူဒါန်းပေးခဲ့တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူများ ထောက်ပံ့ရေးအဖွဲ့မှ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။
“အလုံအလောက် မကူနိုင်သေးဘူး။ တကယ်လိုအပ်တဲ့ အိမ်ထောင်စုတွေလောက်သာ မျှဝေနိုင်သေးတယ်။ အဓိကကတော့ မီးဘေးသင့်တဲ့ တောင်သူတွေ စပါးလှန်း၊ စပါးအုပ်ဖို့တွေ၊ မိုးမလုံတဲ့ တဲတွေမိုးဖို့ရယ်နဲ့ ကျေးရွာအတွင်း သာရေး၊ နာရေးတွေလုပ်ရင်ပဲဖြစ်ဖြစ် သုံးနိုင်အောင် အဓိက လှူဒါန်းခဲ့တာပါ။”လို့ ပြောပါတယ်။
ရေဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ကျေးရွာပေါင်း ၅၂ ရွာရှိပြီး အိမ်ထောက်စု ၄ ထောင်လောက်ကလည်း မီးဘေးသင့်နေကြောင်း သိရပါတယ်။