ယောဒေသက ကျောင်းသားတပ်မတော် (ABSDF) က (၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ ကျင်းပ
7 July 2024 – Kachinwaves
ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် (၃) စစ်ကြောင်းရဲ့ တပ်ရင်း (၁၂) က ယောဒေသမှာ ဒီကနေ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ (၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ခေတ်အဆက်ဆက် ကျောင်းသားလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းသားတပ်မတော်က သွေးမြေကျခဲ့တဲ့နှစ်ကို မမေ့ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့တာဖြစ်ကြောင်း ရဲဘော်ပြည့်ဖြိုးကျော် အမှတ် ၃ စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အဓိက ကတော့ ဆဲဗင်းဂျူလိုင် ဆိုတာ ကျောင်းသားထုအတွက် မမေ့နိုင်တဲ့နေ့တခုဖြစ်ပါတယ်။ ကျတော်တို့ ကျောင်းသားတပ်မတော်ကလည်း ကျောင်းသားလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တခုဖြစ်တော့ နှစ်စဉ်နှစ်တိုင်း ကျောင်းသားထု သွေးမြေကျခဲ့တဲ့ (၁၉၆၂ ခုနှစ် ဇူလိုင် ၇) ဆဲဗင်းဂျူလိုင် ကို ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ကြတာပါ။”လို့ ပြောပါတယ်။
အခမ်းအနားမှာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေးတော်ပုံနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို စစ်အာဏာရှင်တို့က ဗုံးခွဲဖျက်ဆီးခဲ့ပုံ သမိုင်းကြောင်းတွေကို ဟောပြောခြင်း အစီအစဉ်များ၊ စစ်ဏာရှင်ကို ခေတ်အဆက်ဆက် ဆန့်ကျင်ရေးမှာ ကျဆုံးသွားကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို အလေးပြုခြင်း အခမ်းအနားနဲ့ အလံတဝက်လွှင့်ထူခြင်း အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
အာဏာရှင်ဦးနေဝင်း ခေါင်းဆောင်တဲ့ အာဏာရှင်တို့က ကျောင်းသားထုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ဆဲဗင်းဂျူလိုင် အရေးအခင်းမှာ ဒီနေ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ ၆၂ နှစ်မြောက်ပြည့်ပြီ ဖြစ်ပါတယ်။