စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၈ ဦး ထိခိုက်ပြီး၊ နေအိမ်မီးလောင်မှုဖြစ်
26 June 2024 – Kachinwaves
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်နဲ့ လုံးခင်းကျေးရွာတို့မှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျပေါက်ကွဲပြီး နေအိမ်မီးလောင်မှုနဲ့ အရပ်သားထိခိုက်မှုများရှိကြောင်း သိရသည်။
ဆိုင်းတောင် (ဆိပ်မူကျေးရွာ)မှာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က ဖားကန့်စစ်တပ်ကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျေးရွာအလယ်မှာ ကျရောက်ခဲ့တဲ့အတွက် လူ ၈ ဦးထိခိုက်ဒေသခံက ပြောပါတယ်။
“၈ ယောက်တဲ့ ဒဏ်ရာရတာ။ နှစ်လုံးကျတာတဲ့။ အိမ်မှာတစ်လုံး၊ (စိန်မြသုခ) ဘုန်းကြီးကျောင်းဘေးက ဘောလုံးကွင်းမှာ တစ်လုံး”လို့ ပြောပါတယ်။
မနက်ကတည်းက လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတာဖြစ်ပြီး ဖားကန့်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဆိုင်းတောင်ကျေးရွာအတွင်း လှည့်ပတ်နေတယ်လို့ သိရပါတယ်။
“မနက်ထဲက ပစ်လိုက်၊ ရပ်လိုက်နဲ့၊ ၇ လုံး၊ ၈ လုံးလောက်ရှိပြီ။ တော်တော်ကျယ်တယ်။ မြေတွေပါတုန်၊ ဟိန်းသံပါထွက်တယ်။”လို့လည်း ပြောပါတယ်။
မနေ့က ညနေ ၅ နာရီဝန်းကျင်ကလည်း လုံးခင်းကျေးရွာမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကေင်စီတပ်က တစ်ဖက်သတ် လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်လို့ ဆွေးလု အမည်ရ ကုန်စုံဆိုင်မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
မနေ့မနက်ပိုင်းကစပြီး ဖားကန့်၊ ဆိုင်းတောင်ဘက်တကြောမှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပြီး၊ မနေ့က ညဦးပိုင်း ၇ နာရီခွဲဝန်းကျင်မှာ ဆိုင်းတောင်က နှီးဘုရားဘက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ သိရှိရပါတယ်။