ထီးချိုင့်မြို့နယ်တွင် ရွာချင်းဆက်လမ်း ဖောက်လုပ်ရာ လယ်မြေဖျက်ဆီးခံရသည့်အတွက် ဒေသခံပြည်သူများ ဆန္ဒပြသည်ဟုဆို
17 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်းတိမ်ရွာတွင် ရွာချင်းဆက်လမ်း ဖောက်လုပ်ရာတွင် ပြည်သူသုံးဦး၏ လယ်မြေဖျက်ဆီးခံရသည့်အတွက် ကန့်ကွက်ဆန္ဒပြမှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်လမ်းဖောက်လုပ်မှုကြောင့် သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) တို့ကို ပြည်သူများက ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့နှင့် ယနေ့ ဇွန်လ ၁၇ ရက်နေ့များတွင် ဆန္ဒပြခဲ့ကြပြီး၊ မေလ ၃၀ ရက်နေ့ကလည်းတစ်ကြိမ် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အင်းတိမ်ရွာ မြောက်ဘက်ရှိ ပြည်သူသုံးဦးပိုင်ဆိုင်သည့် လယ် (၁) ဧကကို ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ဇွန်လ ၁၄ ရက်နေ့တွင် လုံခြုံရေးအပြည့်ဖြင့် မြေထိုးကားများနှင့် လမ်းဖောက်လုပ်ခဲ့ကြောင်း ဆန္ဒပြရာတွင်ပါဝင်ခဲ့ပြီး အမည်မဖော်လိုသူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့က မြို့နယ်အစီအစဉ်နဲ့ စပြီးတော့ လုပ်တာပေါ့။ သူတို့ပြောတာတော့ ဖွံ့ဖြိုးရေးလမ်းပေါ့နော်။ အဓိက က ဆူးပုံချောင်ရွာမှာ ရှိတဲ့ပြည်သူတွေအတွက် လုပ်တာပေါ့။ သူတို့တွေအတွက် အခက်ခဲဖြစ်တယ်ဆိုပြီး၊ ပြောမယ်ဆို ဆူးပုံချောင်ရွာကိုသွားတဲ့ လမ်းဟောင်းက ၃ လမ်းရှိတာပေါ့နော်။ အင်ကြင်းကုန်းရွာဘက် ထွက်တဲ့လမ်း၊ ဆီးဖြူကျင်းရွာဘက် ထွက်တဲ့လမ်းရယ်၊ ဒီအင်းတိန်ကို ထွက်တဲ့လမ်းရယ်ပေါ့။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့လမ်းက အင်းတိန်ရွာကို ဖြတ်သွားရတာပေါ့။ တစ်ရွာနဲ့တစ်ရွာ သွားချင်ရင်လည်း ဒီလမ်းကိုပဲ သုံးနေကြတာ ဘာပြဿနာမှလည်း မရှိခဲ့ဘူးလေ။ အဲ့တာကို သူတို့က ဘာအကြောင်းပြချက် ပေးလည်းဆိုတော့၊ သူတို့က အသေးစားထိတွေ့ လိုက်တာပေါ့။ ဒီဆူးပုံချောင် ရွာသားတစ်ယောက်က အပြင်မှာသေသွားရင် ဆူးပုံချောင်ကိုခေါ်ဖို့ ဒီအင်းတိန်ရွာကို ဖြတ်သွားရတာဆိုတော့ အဆင်မပြေတာတွေ ဘာတွေရှိတယ်ပေါ့။ တကယ်တမ်း အဲ့ဒါမျိုး ကိစ္စတွေလည်း ဘာတစ်ခုမှ မရှိခဲ့ပါဘူး။”ဟု အဆိုပါအမျိုးသားက ပြောသည်။
လမ်းဟောင်းကို ပြုပြင်ရန်ဒေသခံပြည်သူတို့ကပြောသော်လည်း ကုန်ကျစာရိတ်ပိုများသည်ဟု အကြောင်းပြသည်ဟု ဆိုသည်။
ဇွန်လ ၁၆ ရက်နေ့ မွန်းတည့် ၁၂ ခန့်အချိန်တွင် ဆန္ဒပြနေစဉ် ဖုန်းဖြင့်မှတ်တမ်းယူနေသည့် အင်းတိမ်ရွာသားနှင့် လေသာရွာသား ၄ ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးခဲ့ပြီး၊ အင်းတိန်ရွာသား ၃ ဦးကိုပြန်လွတ်ပေးခဲ့သော်လည်း လေသာရွာသားတစ်ဦးကိုတော့ ပလဖ ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြောသည်။
“ခုနေ့ လူ ၄ ဦးဖမ်းခံရတယ်။ ၃ ယောက်က ပြန်လွတ်လာတယ်။ မှတ်တမ်းယူတဲ့ လေသာရွာသား အောင်သူဆိုတဲ့ သူတစ်ယောက်ကိုတော့ မလွတ်ပေးပဲ မြို့နယ်ပလဖရုံးကို ဖမ်းသွားတယ်။ သူတို့ဘက်ကတော့ ပြည်သူတွေ ဆန္ဒထုတ်ဖော်နေတာကို မှတ်တမ်းတွေယူတယ်ဗျာ။ ဒါပေမဲ့ ပြည်သူတွေ မှတ်တမ်းယူတာကိုကျ သူတို့က မကြိုက်ဘူး။”ဟုလည်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူက ပြောသည်။
အဆိုပါ ဆန္ဒပြမှုနှင့်ပတ်သက်ပြီး ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ဦးမောင်မောင် အား ဆက်သွယ်မေးမြန်းရာ ဆူးပုံချောင်ရွာအတွက် သွားရေးလာရေး ကိုယ်ပိုင်လမ်းမရှိသောကြောင့် စီမံခန့်ခွဲခွင့်ရှိသည့်နေရာတွင် လမ်းဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆန္ဒပြမှုကိုဖြိုခွင်းခဲ့ခြင်း မဟုတ်ဘဲ ဆန္ဒပြရန် လှုံ့ဆော်သူနှစ်ဦးကိုသာ လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“ဖြစ်သွားတာက ဆူးပုံချောင်ရွာအတွက် လမ်းဖောက်ဖို့ပေါ့။ သူတို့မှာက ကိုယ်ပိုင်လမ်းမရှိဘူး။ အင်းတိန်ရွာထဲ ဖြတ်ပြီးသွားရတာပေါ့။ နောက်ပြီးတော့ လမ်းလေးကလည်း ၁၂ ပေလမ်းလေးဆိုတော့ အတော်ကျဉ်းတယ်။ နောက်တစ်ခု လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဖြစ်မယ်၊ ဆူးပုံချောင်မှာ နာရေးဖြစ်တာပေါ့။ အလောင်းကို ရွာထဲသယ်ချင်တာ အင်းတိန်ရွာက လက်မခံခဲ့ဘူး။ အဲ့လိုဖြစ်စဉ်လေးတွေ ရှိခဲ့တယ်။ နောက်ထပ်က လမ်းဖောက်မယ့်နေရာမှာ ဆူးပုံချောင်ရွာအတွက် စီမံခန့်ခွဲမှုရှိတဲ့နေရာမှာ အင်းတိန်ရွာသား ၃ ဦးပိုင်တဲ့ လယ်စားတွေပါနေတာ။ အဲ့လယ်ကို လမ်းဖောက်ဖို့ပေါ့။ ကျွန်တော်တို့က အင်းတိန်ရွာအုပ်ချုပ်ရေးမှူးကို ညှိနိုင်းတာ လုံးဝ ညှိနိုင်းလို့ မရခဲ့ဘူးပေါ့။ အဲ့တာနဲ့ ကျွန်တော်တို့က မေလ ၂၉ ရက်နေ့ လမ်းစဖောက်တယ်။ ၃၀ ရက်နေ့ ဆန္ဒပြခံရတယ်ပေါ့။ အဲ့ခါ ကျွန်တော်တို့နားထားတယ်။ အခု လုံခြုံရေးအရ လုံခြုံရေးတွေခေါ်ပြီးပေါ့ ၁၄ ရက်နေ့ပြန်ဖောက်တယ်။ ၁၆ ရက်နေ့ ဆန္ဒပြန်ပြခံရတယ်ပေါ့။ ဆန္ဒပြတဲ့ နေရာမှာလည်း ကျွန်တော်တို့ လွတ်လွတ်လပ်လပ်ပဲ ပြခွင့်ပြုတယ်။ ဖြိုခွင်းတာမရှိဘူး။”ဟု ဆိုသည်။
ဆန္ဒပြရန် လှုံ့ဆော်သူ ၂ ဦးထဲမှ တစ်ဦးကို ဖမ်းဆီးထားကြောင်းလည်း ပြောပါသည်။
အဆိုပါ လမ်းဖောက်မည့်ကိစ္စကြောင့် ကန့်ကွက်ဆန္ဒပြမှု ၃ ကြိမ်ရှိခဲ့ပြီး အင်းတိန်ရွာအပါအဝင် အလယ်တော၊ ထန်းကုန်း၊ လေသာ၊ ရွှေလီ၊ ဆားတွင်းကျေးရွာများနှင့် ထီးချိုင့်နယ် အထက်ပိုင်းဘက်အုပ်စု ကျေးရွာများမှ ပြည်သူ ၁၀၀ ကျော် ပါဝင်ခဲ့ပြီး ပြေလည်မှုမရှိသေးကြောင်း သိရသည်။