မပခ အနောက်ဘက် အကျဲနဲ့ ဖရောကျေးရွာ ကားလမ်းကို စကစ က မြေကျွင်းတူးပြီး ဖျက်ဆီးပစ်
17 June 2024 – Kachinwaves
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အနောက်ဘက် ၇ မိုင်လောက်က အကျဲကျေးရွာနဲ့ ဖရောကျေးရွာကြား ဆက်သွယ်ထားတဲ့ကားလမ်းကို စစ်ကောင်စီတပ်က ဒီနေ့ မနက် မြေကျွင်းတူးပြီး ဖျက်ဆီလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားမြို့အထွက် အကျဲကျေးရွာနားက အများပြည်သူသွားလာနေတဲ့ ကားလမ်းကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တယ်လို့ အဲဒီလမ်းကို သွားလာလေ့ရှိတဲ့ အမျိုးသမီးတစ်ယောက်ကလည်း ပြောပါတယ်။
“လမ်းမရှိတော့ဘူး။ လမ်းပြိုသွားပြီ ။ လမ်းကို စစ်တပ်က လုပ်စုတ်ပေးလိုက်တာ။”ဟု ပြောပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ကလည်း ဟိုပင်မြို့နဲ့ နန့်ရင်းကျေးရွာကြား ဆက်သွယ်ထားတဲ့ တံတားအတက်၊ အဆင်းနေရာတွေကို ကျင်းတူးပြီး လမ်းကိုဖြတ်တောက် ဖျက်ဆီးခဲ့ပါသေးတယ်။
၂၀၂၄ ခုနှစ်အတွင်း အကျဲကျေးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲ ၂ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့သလို၊ ၂၀၂၃ ခုနှစ်တုန်းကလည်း ဖရောကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ် ဖျက်ဆီးလိုက်တဲ့ ဖရောကျေးရွာရဲ့အောက်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင် တာပဒေါင်း၊ ဟိုကပ် စတဲ့ကျေးရွာတွေ ရောက်ရှိမှာဖြစ်ပါတယ်။ တာပဒေါင်းကျေးရွာ အရှေ့ဘက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာ တာလောကြီးကျေးရွာရှိပါတယ်။ အဆိုပါကျေးရွာဒေသတွေဟာ KIO/KIA ထိန်းချုပ်နယ်မြေတွေ ဖြစ်ပါတယ်။
လက်ရှိကချင်ပြည်နယ် ဧရာဝတီအရှေ့ဘက်ခြမ်းတွင် စစ်ရှုံးနေတဲ့ စစ်ကောင်စီက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှာလည်း ခံတပ်ကတုတ်အသစ်တွေ ပြုလုပ်ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။