ဗန်းမောက် တောင်ပိုင်းတွင် စစ်ရှောင်နေပြည်သူများထံမှ ရပ်ကြေး၊ ရွာကြေး ကောက်ခံနေသည်ဟုဆို
15 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဗန်းမောက်တောင်ပိုင်းမှ စစ်ဘေးရှောင်များထံမှ ရပ်ကြေးရွာကြေးများ ကောက်ခံနေသည့်အတွက် အခက်တွေ့နေကြကြောင်း စစ်ဘေးရှောင် ပြည်သူများထံမှ သိရသည်။
ကျောင်းဆောက်ခ၊ နာရေးခ၊ ဝါဝင်ဝါထွက်ခနှင့် ကျောင်းဆရာ၊ ဆရာမများအတွက် လစဉ်ကြေးများကို ရပ်ရွာအုပ်ချုပ်ရေးမှူးများက ကောက်ခံနေကြောင်း၊ စစ်တပ်အထိုင်ချနေသော အင်းတော်မြို့နယ် နန့်သာရွာမှ ဗန်းမောက်တောင်ပိုင်း သုံးပင်ရွာပြင်တွင် မိုးကာတဲထိုးပြီး စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့က မထည့်ချင်တာ မဟုတ်ပါဘူး၊ မထည့်နိုင်တာပါ။ ကျွန်မတို့ စစ်ဘေးပဲရှောင်နေမယ်ဆို NUG အစိုးရကလည်း ကျွန်မတို့ကို အချိန်ပြည့် မထောက်ပံ့နိုင်ဘူးလေ။ ဒါကြောင့် အဆင်ပြေမယ်ထင်တဲ့နေရာမှာ စစ်ရှောင်ရင်း အလုပ်လာလုပ်တာ။ အဲ့ဒါကို ဒီရွာမှာနေမယ်ဆိုရင် ဒီရွာက ရပ်ကြေးတွေ မှန်သမျှ ထည့်ရမယ် မထည့်ချင်ရင် လာမနေနဲ့ဆိုပြီး ပြောတယ်။ ဘာကြေးညာကြေးတွေမှန်း မသိဘူး။ အမြဲလာလာကောက်နေတော့တာ။ ကျွန်မတို့အနေနဲ့လည်း လျှော့လျှော့ပေါ့ပေါ့လေး လုပ်စေချင်တာပါ့ညယ်။”ဟု ဆိုသည်။
သုံးပင်ရွာတွင် ကျောင်းဆောက်ခ ၁ သိန်းခွဲ၊ ဝါဝင်လျှင် ၅ ထောင်၊ ဝါထွက်လျှင် ၅ ထောင်၊ စာသင်ကျောင်း ထောက်ပံ့ငွေတစ်လလျှင် ၁ သောင်းကျပ်နှုန်းနှင့် သာရေးနာရေးရှိလျှင် ဆန် ၁ ပြည်၊ ငွေ ၅ ထောင်နှုန်း ထည့်ခိုင်းကြောင်း ပြောသည်။
ဗန်းမောက်မြို့နယ် တောင်ပိုင်းတွင် မြေစာပုံတစ်ပုံလျှင် ၆ သိန်း ၂ သောင်းကျပ်ဖြင့် NUG အစိုးရက ရောင်းချပေးနေသည့် မြေစာများကိုဝယ်ယူပြီး ရွှေချက်နေသည့်အလုပ် လုပ်ကိုင်နေသော ကောလင်း၊ ဝန်းသို၊ အင်းတော်နှင့် အောက်အညာဘက်မှ စစ်ဘေးရှောင်ပြည်သူ ၁ ထောင်နီးပါးရှိနေကြောင်း သိရသည်။