ကာမိုင်း မြို့လျှပ်စစ်ဦးစီးမှူး မီတာခစာရင်း ကွာဟမှုကြောင့် စစ်ဆေးခံနေရပြီး လျှပ်စစ်မီးလည်း ဖြတ်တောက်ခံနေရသည်ဟု ဆို
7 May 2024 – Kachinwaves
ကချင်ပြည်နယ်၊ ကာမိုင်းမြို့ လျှပ်စစ်ရုံးဦးစီးမှူး ဦးကျော်ကျော်ဝင်းအား စစ်ကောင်စီက လျှပ်စစ်မီတာခစာရင်း ကွာဟာသည့် ကိစ္စနှင့်စပ်လျဥ်း၍ စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
လျှပ်စစ်မီတာခ ကျပ်သိန်းနှစ်ထောင်ကျော်ခန့် ကွာဟမှုရှိကြောင်း သိရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
”အစကသူ့ကို ထွက်ပြေးသွားတယ်ထင်တာ၊ နောက်မှသိရတာက စစ်ကောင်စီက ဆင့်ခေါ်ပြီး မလာရင်ဖမ်းမယ်ဆိုလို့ ပြည်နယ်ဦးစီးရုံးမှာ သွားဖြေရှင်းနေတာလို့ သိရတယ်။ အစိုးရကို ပေးရမယ့်ငွေက ကြားမှာ သိန်းနှစ်ထောင်ကျော်လောက် ကွာနေလို့ စစ်ဆေးခံနေရတာလို့ ကြားတာပဲ။”ဟု ဒေသခံက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍ ပြည်သူတို့က မီတာကြေးမဆောင်၍ ကွာဟခြင်းဖြစ်ကြောင်း ထွက်ဆိုထားသဖြင့် စစ်ကောင်စီက ၎င်းကားမိုင်းဒေသကို လျှပ်စစ်မီးဖြတ်တောက်ထားသည်မှာ ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံက ယခုလို ပြောပြသည်။
”ပြည်သူတွေက မီတာဘေ(လ်)မဆောင်လို့ ခုလိုငွေကွာတာ မီးဖြတ်တာလို့ သိရပေမယ့်၊ အဲ့လောက် ပမာဏထိများနေတာတော့ စဥ်းစားစရာပဲ။”ဟု ဆိုသည်။
အဆိုပါကိစ္စကြောင့် မိုးကောင်းမြို့နှင့် ကာမိုင်းမြို့ကြားရှိ ကျေးရွာများ၊ ကာမိုင်းမြို့နှင့် နန့်ယားကျေးရွာအထိ နံပါတ် ၃၃ ဓါတ်အားလိုင်းအား မီးဖြတ်ထားသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ပြီး၊ မီးပြန်ပေးမည်ဟု ကြားသိရသော်လည်း မီးမလာသေးကြောင်း သိရသည်။
လက်ရှိတွင် လျှပ်စစ်ဦးစီးမှူး ဦးကျော်ကျော်ဝင်း က လျှပ်စစ်မီးပြန်လည် ရရှိရေးအတွက် ပြည်နယ်ဦးစီးထံသို့ အသနားခံစာ တင်ထားကြောင်း သိရသော်လည်း ယခုအချိန်ထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသလို လျှပ်စစ်မီးလည်း ပြန်လည်ထုတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။