တာမခန်ကနေ ထွက်ပြေလာတဲ့ စကစ ၁၀ ဦးကျော်ကို အရှင်ဖမ်းမိ၊ ဖားကန့် တိုက်ပွဲများမှာ အရပ်သားသေဆုံးမှုရှိခဲ့
13 March 2024 – Kachinwaves
ဖားကန့်၊ ဆိုင်းတောင်ကျေးရွာတွင်းမှာ မနေ့ကပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် အရှင်ဖမ်းဆီးခံရတယ်လို့ ဆိုင်းတောင်မှာ နေထိုင်သူထံက သိရပါတယ်။
တာမခံစခန်းကနေ စခန်းစွန့်ခွာထွက်ပြေးလာပြီး ဆိုင်းငိုင် (Seng Ngai) နှစ်ခြင်းဘုရားကျောင်း အနောက်ကတောင်မှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးတာဖြစ်တယ်လို့ ကျေးရွာနေသူအမျိုးသားတစ်ဦးက ဆိုပါတယ်။
“ဆိုင်းငိုင်နှစ်ခြင်း ဘုရားကျောင်းနောက်မှာ ဖြစ်ကြတယ်တဲ့လေ။ စစ်သား ၁၆ ယောက်လောက် ဖမ်းမိတယ်ကြားပေမယ့် အရေအတွက်အတိအကျကြီးတော့ မသေချာဘူး။”
ဆိုင်းတောင်ကျေးရွာအတွင်းမှာ ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မတ် ၁၀ ရက်နေ့ကလည်း တာမခံဘက်က ထွက်ပြေးလာတဲ့စစ်ကြောင်းကို KIA ပူးပေါင်းအဖွဲ့က လိုက်လံပစ်ခတ်ရင်း ကျေးရွာတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြတဲ့ အဲ့ဒီနေ့ကတိုက်ပွဲမှာ နမ့်မှော်ရပ်ကွက်မှ ပြည်သူအချို့ လက်နက်ကြီးထိမှန်ပြီး ၄ ဦးသေဆုံးခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဟိုနေ့က နမ့်မှော်က လေးလောင်း။ ကုမ္ပဏီဝန်ထမ်း ၂ ယောက်၊ သားအမိ ၂ ယောက် အလောင်းကောက်ရတာ”
ပွင့်ထူးစံကုမ္ပဏီက ဝန်ထမ်းအမျိုးသားနှစ်ဦးနဲ့ မိခင်ဖြစ်သူ ၂၇ နှစ်အရွယ် မခင်မာလွင်၊ သမီးငယ်ဖြစ်သူ ၆ နှစ်အရွယ် မဖူးပွင့်ဝေတို့ သေဆုံးခဲ့ပြီး ၉ နှစ်အရွယ် သမီးကြီးမဆောင်းနှင်းဝေမှာ ပြင်းထန်ဒဏ်ရာကြောင့် ဖားကန့်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ယခုနှစ် ဇန်နဝါရီလကစပြီး KIA နဲ့ မဟာမိတ်အဖွဲ့တွေက စခန်းသိမ်းထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေရာ ဖားကန့်ဒေသမှာ စစ်ရေးတင်းမာနေပါတယ်။
စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒီနှစ်လကျော်ကာလအတွင်း ဆိုင်းတောင်ကျေးရွာ၊ မှော်ဝမ်းကြီးကျေးရွာနဲ့ ဖားကန့်မြို့ပေါ်ရပ်ကွက်တွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတာပဲဖြစ်ပါတယ်။