စကားဝိုင်းဖွဲ့နေတဲ့လူအုပ်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၃ ဦး အပါအဝင် ၅ ဦးသေဆုံး
13 March 2024 – Kachinwaves
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနောက်ခြမ်း မြစ်တစ်ဖက်ကမ်းက ကမ်းနီရွာမှာ မနေ့မွန်းလွဲပိုင်းက စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်နှစ်အောက် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၅ ဦးသေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မနေ့ကမွန်းလွဲ ၁ နာရီခွဲက တိုက်ပွဲမရှိဘဲ ဗန်းမော်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကမ်းနီရွာထဲကအိမ်တစ်အိမ်မှာ စကားဝိုင်းဖွဲ့ပြောနေကြတဲ့ စကားဝိုင်းအနီးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံရပ်မိရပ်ဖတစ်ဦးက ဆိုပါတယ်။
“သူတို့က အိမ်အောက်ထပ်မှာ စကားပြောနေတာပေါ့။ အမျိုးတွေချည်းပဲလေ သူတို့လည်း ညီအစ်မတွေပဲ။ တံစက်မြိတ်ကနေကျလိုက်တာ သူတို့နဲ့ဆို ၁၀ ပေ ဝန်းကျင်လောက်ပဲ ရှိတာပေါ့။ ခုခေတ်လက်နက်ကြီးတွေကို သူတို့ဘယ်နားလည်ပါ့မလဲ။ သူတို့ကိုတော့ တိုက်ရိုက်မမှန်ဘူးပေါ့။ တံစက်မြိတ်ကနေ မြေပေါ်ကျပြီးစင်လိုက်တဲ့ဟာ ဗုံးစတွေဟာ အကုန်လုံးမျက်နှာတွေ၊ ဦးခေါင်းတွေ၊ လည်ပင်းတွေ အကုန်လုံးစုတ်ပြတ်သွားတယ်။”
အသက် ၃၀ နှစ်အရွယ် မမြင့်မော်နဲ့ ကလေး ၂ ဦး၊ အသက် ၁၈ နှစ်အရွယ် မနှင်းခိုင်နဲ့ သူမရဲ့ကလေး စုစုပေါင်း ၅ ဦးသေဆုံးသွားပြီး ကျန် ၂ ဦးကတော့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို အရပ်သားနေတဲ့နေရာတွေကို ဦးတည်ပြီး စစ်တပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျေးရွာဒေသခံ တစ်ဝက်လောက်ဟာ ရွာကိုတိမ်းရှောင် ထွက်ပြေးကြပြီလို့လည်း အထက်က သတင်းရင်းမြစ်ကပဲ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဗန်းမော်အနောက်ဘက် တစ်ဖက်ကမ်းမှာ PDF တွေလှုပ်ရှားနေတယ်ဆိုပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပါတယ်။ အဲ့လိုပစ်ခတ်ရာမှာ ကျေးရွာတွင်းမှာ လက်နက်ကြီး ကျပေါက်ကွဲမှုတွေရှိခဲ့ပြီး အရပ်သားသေဆုံးမှုတွေ ရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစပြီး ဒီလမတ်လအထိ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗန်းမော်အနောက်ဘက်ကမ်း ကျေးရွာတွေမှာ အသက်ဆယ်နှစ်အောက် ကလေး ၄ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။