ပိတ်မိနေသည့် အောင်မြေ (၂) စစ်ရှောင်များမှ အဖွားအိုတစ်ဦး အသက်ရှူကျပ်ကာသေဆုံး
12 March 2024 – Kachinwaves
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် အရေးပေါ် စစ်ရှောင်ခဲ့ပြီး ပိတ်မိနေသော ကျေးရွာပြည်သူများမှ အသက် (၈၇) နှစ်အရွယ် အဖွားအိုတစ်ဦး ယနေ့ညနေ (၆) နာရီဝန်းကျင်တွင် လူအုပ်ကြား၌ အသက်ရှူကျပ်ကာ ရုတ်တရက်သေဆုံးသွားကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ရပ်ကွက်ရှိ စစ်ကောင်စီစခန်းကို မတ်လ (၈) ရက်နေ့မှစတင်ကာ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အနီးအနားမှ ဒေသခံတစ်ထောင်ဝန်းကျင်သည် အောင်မြေ (၂) ရပ်ကွက်ဘုန်းကြီးကျောင်းဝင်းသို့ အရေးပေါ် တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ထိုသို့တိမ်းရှောင်ခဲ့ရသော ပြည်သူများကို စစ်ကောင်စီက တိမ်းရှောင်ထွက်လာခွင့်မပြုတော့ဘဲ ပိတ်မိနေသည့်အတွက် စစ်ရှောင်ပြည်သူများသည် အစာရေစာပြတ်လပ်လာသလို ကျန်းမာရေးပြသာများလည်း ဖြစ်ပေါ်လာနေကြောင်း သိရသည်။
အဖွားအိုသေဆုံးရခြင်းနှင့် ပတ်သက်၍ သတင်းရင်းမြစ်တစ်ဦးက ယခုလိုပြောသည်။
”လူအရမ်းများလို့ အသက်ရှူကျပ်လို့ပြီး သေဆုံးသွားတာပါ။ ဘာမှလည်း မဖြစ်ဘူး။ အခုဒီမှာ ဖျားနာတဲ့သူတွေလည်း အရမ်းများနေတယ်။ သက်ကြီးရွယ်အိုတွေလည်း အများကြီးပဲ။ အဖွားသနားပါတယ်။”ဟု ပြောပြသည်။
လက်ရှိတွင် ပိတ်မိပြည်သူများကို ကယ်ထုတ်နိုင်ရေးအတွက် လူမှုစာနာထောက်ထားရေးအဖွဲ့များနှင့် ဘာသာရေးအဖွဲ့အသီးသီးမှ ခေါင်းဆောင်များလည်း သက်ဆိုင်ရာများနှင့် ညှိနှိုင်းကာကြိုးစားနေကြောင်း သိရပါသည်။