ပြည်သူ့ဘက်ကိုရပ်မလား၊ စစ်ကောင်စီရဲ့ သေဖော်သေဖက် လုပ်မလား ပြည်သူ့စစ်တွေ ဆုံးဖြတ်ချိန်တန်ပြီ
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
12 March 2024 – Kachinwaves
ဝိုင်းမော်မြို့အနီး စစ်မြေပြင်ကိုစစ်ကူအသွား KIA ပူးပေါင်းတပ်ဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းရဲ့ မတ်လ ၉ ရက်နေ့က ဈာပနမြင်ကွင်းဟာ ကချင်ပြည်နယ်တွင်းက စစ်ကောင်စီရဲ့ ဩဇာခံလုပ်နေတဲ့ ပြည်သူ့စစ်တွေအတွက် အချက်ပြ ခေါင်းလောင်သံ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တော်လှန်ရေးစစ်ရှိန်မြင့်လာတဲ့ အရှိန်အဟုန်ဟာ ရပ်တန့်မသွားဘဲ ဟန်ချက်ညီစစ်ရေးလှုပ်ရှားမှု ပုံသဏ္ဍာန်နဲ့ ဆက်လက်ရွေ့လျားနေတာကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖြစ်ပေါ်နေတဲ့ စစ်ရေးဖော်ဆောင်မှုတွေကို သုံးသပ်ကြည့်ရင် မြင်နိုင်ပါတယ်။
KIA ရဲ့ မူလလှုပ်ရှားနယ်မြေ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ နှစ်ဆန်းပိုင်းကနေ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ စခန်းသိမ်း၊ မြို့သိမ်း စစ်ဆင်ရေးတွေ သိသိသာသာ လုပ်ဆောင်လာတာကို တွေ့မြင်နေရပါတယ်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇန်နဝါရီလာနဲ့ ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်း (၁၅) နဲ့ မဘိမ်းမြို့ နမ့်ဖတ်ကာကျေးရွာနဲ့ ဆင်ဘိုမြို့တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိ မတ်လ ၇ ရက်နေ့ကနေ အရှိန်မြင့်ဖော်ဆောင်လိုက်တဲ့ စစ်ဆင်ရေးမှာတော့ ဗဟိုဌာနချုပ် လိုင်ဇာကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီရဲ့ အဓိကတပ်စခန်းကုန်းတွေကို တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြစ်ကြီးနား – ဗန်းမော် ကားလမ်းနဲ့ ရေလမ်းကြောင်းတွေကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားနဲ့ ဧရာဝတီမြစ်သာခြားနေတဲ့ ဝိုင်းမော်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ရောက်ရှိလာပြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းလည်း ဝိုင်းမော်မြို့နဲ့ တစ်မိုင်ကျော်သာဝေးတဲ့ ခါးရှီးကျေးရွာမရောက်မီ ကြားဖြတ်ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိုင်းမော်မြို့ရဲ့ လုံခြုံရေးအတွက် အရေးကြီးတဲ့တပ်စခန်းတွေ တိုက်ခိုက်ခံနေရတဲ့အတွက် မြေပြင်စစ်ကူ အလျင်မီမပို့နိုင်တော့တဲ့ စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့ကနေ လက်နက်ကြီးနဲ့ ပစ်ကူနေရသလို လေကြောင်းအားကိုးနဲ့ အပြင်းအထန် ခုခံကာကွယ်နေရတာပဲ ဖြစ်ပါတယ်။ လေကြောင်းအားကိုးနေရတဲ့ စစ်ကောင်စီဟာ အများပြည်သူသုံး လေဆိပ်ကိုလည်း ရပ်ဆိုင်းခဲ့ရသလို၊ ဝိုင်းမော်အောင်မြေ (၂) က ပြည်သူတွေကိုလည်း တိမ်းရှောင်ခွင့်မပြုပဲ လူသားဒိုင်းအကာအကွယ်အဖြစ် အသုံးပြုနေတာကို သတင်းဖော်ပြချက်တွေနဲ့ မြေပြင်သတင်းတွေအရ သိရပါတယ်။ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ်အပြင် ဆွပ်ပရာဘွမ်၊ ဖားကန့်နဲ့ ရွှေကူမြို့နယ်တွေမှာလည်း တပြိုင်တည်းစစ်ရှေးလှုပ်ရှား၊ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုနှစ်ဆန်းပိုင်းကနေ စတင်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာပဲ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ရဟတ်ယာဉ် နှစ်စီးကို KIA ရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီ ဖြစ်ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး အရှိန်အဟုန်ကနေ စတင်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့တွေနဲ့ နဂိုကတည်းက တည်ရှိနေတဲ့ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ တူညီတဲ့ရည်မှန်းချက်တွေနဲ့ မဟာမိတ်ဖွဲ့ တော်လှန်တိုက်ပွဲဝင်နေကြပြီ ဖြစ်ပါတယ်။
ဒီလိုအာဏာရှင်စနစ် တော်လှန်ရေးအင်အားစုတွေ ပြည်သူလူထုရဲ့ ထောက်ခံမှုရရှိပြီး အားကောင်းနေတဲ့အချိန် လူမျိုးအခြေပြု ပြည်သူ့စစ်ဖွဲ့ပြီး စစ်ကောင်စီအကြိုက် မားမားမတ်မတ် ရပ်တည်နေတဲ့ ပြည်သူ့စစ်အဖွဲ့တွေလည်း ကချင်ပြည်နယ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေထဲက ဦးရွှေမင်းဟာ လူတွေသတိထားခံရတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊ နိုင်ငံရေးပါတီဥက္ကဌဟောင်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူသေဆုံးလို့ မြေမြုပ်သင်္ဂြိုလ်တဲ့အခါ မထင်မရှားနဲ့ အဆုံးသတ်ခဲ့ရပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာတောင် ရှာရခက်တဲ့ ဘဝနိဂုံး ဖြစ်ခဲ့ရပါတယ်။
ဦးရွှေမင်းလို လူသိမများပေမဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သပိတ်မှောက်ချိန် ကျဆုံးသွားခဲ့ရတဲ့ ဦးကိုကိုလေးနဲ့ ကိုဇင်မင်းထက်တို့လို သာမန်အရပ်သားပြည်သူတွေရဲ့ ဈပနမြင်ကွင်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဆီနဲ့ရေလို ကွာခြားလှပါတယ်။
ဒီလိုမြင်ကွင်းတွေဟာ လက်ရှိတိုင်းရင်းသား ပြည်သူတွေဟာ ဘကိုလိုချင်နေတယ်။ ဘယ်ဘက်ရပ်တည်နေတယ်ဆိုတာ သိသိသာသာ နှိုင်းယှဉ်ကြည့်လို့ရနိုင်တဲ့ အဖြစ်အပျက်တွေ အများကြီးထဲက ဥပမာတစ်ခုမျှသာ ဖြစ်ပါတယ်။
တကယ်တော့ ပြည်သူတွေဟာ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေတဲ့ စစ်မှုထမ်းနဲ့ ရဲဝန်ထမ်းတွေလို လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပဲ CDM လုပ်ဖို့၊ ဘက်ပြောင်းလာဖို့၊ အလံဖြူထောင် အလင်းဝင်ဖို့ လိုလားနေကြတာ မဟုတ်ပါဘူး။
လက်ရှိကချင်ပြည်နယ်မှာ ဌာနေပြည်သူ့စစ်အမည်ခံအဖွဲ့တွေ၊ BGF နယ်ခြားစောင့်တပ်အဖွဲ့တွေကိုလည်း စစ်ကောင်စီကို ကျောခိုင်းငြင်းဆန်းပြီး တော်လှန်ရေးဘက် ပူးပေါင်းကာ တိုက်ပွဲဝင်သွားကြဖို့ လိုးလားနေကြတာ ဖြစ်ပါတယ်။
သို့ဖြစ်၍ လက်ရှိကာလဟာ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေအတွက် ပြည်သူဘက်ကိုရပ်တဲ့ စစ်စစ်မှန်မှန်ပြည်သူ့စစ် လုပ်မလား။ ကျရှုံးခန်းနဲ့ အဆုံးသတ်တော့မယ့် စစ်ကောင်စီနဲ့ သေဖော်သေဖက် လမ်းကိုရွေးကြမလားဆိုတာ ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်နေပြီဖြစ်ကြောင်း သုံးသပ်အကြံပြု လိုက်ရပါတယ်။