ဘီလူးစစ်ကြောင်းမှ တပ်သားများအား တိုက်ပွဲဖြစ်နေသည့် ကနီဘက်သို့ စစ်ကူပို့နေ
12 March 2024 – Kachinwaves
တိုက်ပွဲများ ပြင်းထန်နေသည့် စစ်ကိုင်းတိုင်း ကနီမြို့သို့ ရေဦးနယ်နှင့် တန့်ဆည်နယ်ဘက်တွင် ပြည်သူများကို သတ်ဖြတ်နေသည့် ဘီလူးစစ်ကြောင်းမှ တပ်သားများအား ရဟတ်ယာဉ်ဖြင့် စစ်ကူများ ပို့ပေးနေကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ သတင်းပြန်ကြားရေးတာဝန်ခံ တစ်ဦးထံမှ သိရသည်။
ယမန်နေ့ မတ်လ ၁၁ ရက်နေ့တွင် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်သည့် Mi-17 ထောက်ပို့ယာဉ်တစ်စီးဖြင့် ရေဦး (အထက ၁) သို့ ၄ ခေါက် တိတိဆင်းကာ ကနီဘက်သို့ စစ်ကောင်စီတပ်သားများကို တင်ဆောင်သွားသည်ဟု ပြောသည်။
မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ပထမအကြိမ်အနေဖြင့် ရေဦး အထက – ၁
သို့ ရဟတ်ယာဥ်ဖြင့် ဆင်းကာ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ များ၊ ကျည်ဘောက်များနှင့် တပ်သား ၃ ယောက်ချထားကာ ကနီဘက်သို့ ဘီလူးစစ်ကြောင်းမှ အင်အား ၂၀ ခန့် တင်ဆောင်သွားသည်ဟု ဆိုသည်။
မွန်းလွဲ ၃ နာရီအချိန်တွင်လည်း ဒုတိယအကြိမ်ဆင်းကာ ၎င်းစစ်ကြောင်းမှပဲ ၁၈ ယောက် ပြန်လည်တင်ဆောင်သွားသည်ဟု ဆိုသည်။
ညနေ ၅ နာရီအချိန်ခန့်တွင်လည်း တတိယအကြိမ် အထုပ် (၃) ထုပ်နှင့် သေတ္တာ (၃) လုံး ချပေးထားကာ စစ်တပ်သား ၁၈ ယောက် ပြန်လည်တင်ဆောင်သွားကြောင်း သိရသည်။
ညနေ ၅ နာရီ ၄၀ အချိန်ခန့်တွင်လည်း ၄ ကြိမ်မြောက်ဆင်းတက်ကာ စစ်တပ်သား ၂၀ ခန့် တင်ဆောင်သွားပြန်ပြီး ဘီလူးစစ်ကြောင်းမှ စုစုပေါင်း ၇၆ ယောက်ခန့် စစ်ကူပို့လိုက်သည်ဟု People’s Defense Comrade မှ သတင်းပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောသည်။
“စကစ က မြေပြင်စစ်ကြောင်းထိုးပြီး စစ်ကူလာဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။ သူတို့အတွက် လေကြောင်းပဲ အသုံးပြုနေရတော့တယ်။”ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ဆိုသည်။
မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင်လည်း ကနီမြို့နှင့် ၂ မိုင်အကွာအဝေးရှိ ပျူစောထီးများ အများစုနေထိုင်သည့် ရေလည်ကျွန်းရွာမှ ပျူစောထီးများအား Mi-17 ထောက်ပို့ယာဉ်ဖြင့် ၅ ကြိမ် စစ်ကူပို့ခဲ့သေးကြောင်း သိရသည်။
လက်ရှိ ကနီမြို့စစ်ရေးအခြေနေမှာ နှစ်ဖက်တင်းမာမှုရှိနေပြီး တိုက်ပွဲများဆက်ဖြစ်နေကာ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်းလည်း သိရသည်။
တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်မှုရှိကာ ကနီမြို့နယ်ရှိ မုဠော မင်းကုန်း၊ တဇယ်ချောင်၊ ငါးဖျက်၊ ညောင်ပင်ဝန်း စသည့် ကျေးရွာများမှ ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။