ကောလင်းမြို့မှ ထွက်ပြေးလာသည့် သားအမိနှစ်ဦး မိုင်းကြိုးတိုက်မိ၍ ထိခိုက်သေဆုံး၊ စစ်ကောင်စီတပ်က မြို့တွင်းမီးရှို့နေပြီး ပစ္စည်းများလည်း သိမ်းယူနေသည်ဟုဆို
15 February 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား စစ်ကောင်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ့ပစ္စည်းများကိုလည်း သိမ်းယူနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
“ကောလင်းမြို့နေရာအနှံ့တပ်စွဲပြီး မီးရှို့နေတယ်။ မီးညွန့်ကတော့ ၂၄ နာရီလုံးမြင်နေရတယ်။ ဈေးဆိုင်တွေကနေပြီးတော့လည်း ပစ္စည်းတွေ ဖောက်ထွင်းခိုးယူပြီး သယ်နေကြတယ်။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်များသည် ယနေ့နံနက် ၃ နာရီအချိန်ခန့်တွင် သိမ်ူယူထားသည့်ပစ္စည်းများအား ကားဖြင့် ကိုးထောင်ဘို့သို့သယ်ရာ ကျခတ်အိုက်ရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် ကောလင်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်းလည်း ပြောသည်။
ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင်လည်း မြို့ထဲမှ စစ်ရှောင်ပြေးလာသည့် သားအမိနှစ်ဦး မိုင်းကြိုးတိုက်မိ၍ အသက် ၄၀ နှစ်ကျော်အရွယ် မိခင်ဖြစ်သူသေဆုံးသွားပြီး သားဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ကြောင်းလည်း တော်လှန်ရေးရဲဘော်တစ်ဦး ဆက်ပြောသည်။
“သားအမိနှစ်ယောက် လမ်းအတိုင်း အရှေ့ဘက်ကိုထွက်တာ မိုင်းကြိုးတိုက်မိပြီး ထပေါက်ကွဲတော့ မိခင်ဖြစ်သူကတော့ သေဆုံးသွားတယ်။”
၎င်း သားအမိနှစ်ဦးသည် ကောလင်းမြို့တွင်းမှ တိမ်ရှောင်ဖို့ ယနေ့ဆိုင်ကယ်ဖြင့် ထွက်လာစဉ် မိုင်းကြိုးတိုက်မိ၍ ထိခိုက်သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိ ကောလင်းမြို့ပေါ်တွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီး သက်ပိုင်မြင် ဦးဆောင်နေပြီး စစ်ကြောင်း ၉ ကြောင်းနှင့် အင်အား ၆၀၀ နီးပါးရှိကာ စစ်လက်နက်များလည်း ဖြည့်တင်းထားပြီး ဒရုန်း ၁၀ စီးနှင့် ဒရုန်းတပ်ဖွဲ့ဝင် အင်အား ၄၀ ရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် ကောလင်းမြို့အား စစ်ကောင်စီဘက်မှ ပြန်လည်ထိန်းချုပ်ထားပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။