စစ်ကောင်စီက “ပြည်သူ့စစ်မှုထမ်းဥပဒေ” အသက်သွင်းလိုက်တဲ့အပေါ် ကချင်ပြည်နယ်က လူငယ်တွေ ဘာပြောကြသလဲ
12 February 2024 – Kachinwaves
လူငယ်အမျိုးသမီးတစ်ဦး
”ဒါက ကျွန်မတို့အနေနဲ့ အစောကြီးကတည်းကလည်း ထုတ်ပြန်လာနိုင်တယ်လို့ ဆွေးနွေးချက်တွေ သုံးသပ်ချက်တွေတော့ လူငယ်တွေကြား ရှိခဲ့တယ်။ ပုံမှန်ခုလည်း ပေါ်တာဆွဲနေတာပဲလေ။ ဒါကြောင့် ခုစစ်တပ်ကနေပြီးတော့ တရားဝင်အသွင်ပြောင်းပြီးတော့ ကြေညာလိုက်တယ်လို့ မြင်ပါတယ်။ ဆိုတော့ ဒါကိုထုတ်ပြန်လိုက်ခြင်းအားဖြင့်လည်း အဖြူအမဲတွေ သဲသဲကွဲကွဲဖြစ်လာလိမ့်မယ်။ စစ်တပ်ကလည်း အဆုံးစွန်ထိသွားတော့မယ်လို့ မြင်မိတယ်။ ကျွန်မတို့ ဘယ်လိုမျိုး ပြင်ဆင်နေတယ်၊ ဘယ်လိုဆောင်ရွက်နေတယ်၊ ဘယ်လို့တုန့်ပြန်မယ်ဆိုတာကတော့ ကျွန်မ မပြောချင်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ဘက်ကလည်း အာဏာသိမ်းပြီးကတည်းက လုပ်ဆောင်သင့်တဲ့ဟာတွေတော့ လုပ်ဆောင်နေတယ်။”
အမျိုးသမီးလူငယ်နောက်တစ်ဦး
“လူသားမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး ပြည်သူတွေကို အဓိကအားဖြင့် အောက်ခြေလူတန်းစားတွေနဲ့ အလယ်အလတ် လူတန်းစားတွေကို ချောင်ပိတ်ပြီး ဒုက္ခရောက်အောင်လုပ်တဲ့ လုပ်ရပ်တစ်ခုပါ။ သတင်းကြားကတည်းက စိုးရိမ်စိတ်တွေကြီးမားခဲ့ပြီး ပြည်ပမှာကျောင်းတက်ဖို့ စီစဉ်ထားတဲ့အပေါ် သက်ရောက်မှုတွေရှိလာပြီး ရည်ရွယ်ချက်အိပ်မက်တွေ ပျောက်ဆုံးသွားရမှာကို အလွန်စိုးရိမ်မှုရှိနေပါတယ်။”
အမျိုးသားလူငယ်တစ်ဦး
“စစ်မှုမထမ်းမနေရ ဥပဒေထုတ်လာခြင်းက လူငယ်တွေကို PDF ဖြစ်လာရန်နဲ့ အခုလို ဖြစ်ပျက်နေတဲ့ အခြေအနေကို အမြန်ဆုံး အဆုံးသတ်ချင်တဲ့ ဖိအားပေးသလိုဖြစ်သွားတဲ့အတွက် PDF ထဲ ဝင်ဖို့ တွန်းပို့နေခြင်း ဖြစ်တယ်လို့ မြင်မိပါတယ်။
အမျိုးသားလူငယ်နောက်တစ်ဦး
”ဒီလိုဖြစ်လာမယ်ဆိုတာ အစောကြီးကတည်းက ခန့်မှန်းမိပါတယ်။ ဒါကြောင့် ငွေရှိအသိုင်းအဝိုင်းတွေ စစ်တပ်လော်ဘီတွေက သူတို့သားသမီးတွေကို နိုင်ငံခြားပို့ခဲ့ကြတာ။ ကျတော့် အမြင်အရလည်း ဒီလိုထုတ်ပြန်လာမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အဲ့လောက်စောမယ်လို့တော့ မထင်ခဲ့ပါဘူး။ အခုလို ထုတ်ပြန်လာခြင်းရဲ့ နောက်ဆက်တွဲကို ပြန်ကြည့်မယ်ဆိုရင် ကျေးရွာရပ်ရွာရဲ့ Human Resources တွေ ထိခိုက်လာမယ်လို့ သုံးသပ်မိပါတယ်။ အဓိကတော့ တကယ်တမ်းအလုပ်လုပ်ကြတာ လူငယ်တွေပဲလေ။ ခုလိုစစ်တပ်က ထုတ်ပြန်လာတဲ့အပေါ် တော်လှန်ရေးတပ်ဖွဲ့တွေကရော ဘယ်လိုထုတ်ပြန်လာမလဲဆိုတာကို သိချင်ပါတယ်။ မဖြစ်မနေ ကြုံလာလို့ရှိရင်တော့ ကျတော်တို့အနေနဲ့က ရွေးချယ်စရာမရှိပါဘူး။ ဘယ်ဘက်ကိုပါမှာလဲ ဆိုတာပဲရှိပါတယ်။ အဆုံးတော့ တော်လှန်တပ်ဖွဲ့တွေဆီ ပူးပေါင်းဖို့ပဲရှိပါတယ်။”
အမျိုးသမီးလူငယ်နောက်ထပ်တစ်ဦး
သဘောထားကတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ နိုင်ငံရေးအရပြောရင် မကြာခင်အဆုံးသတ်လေ မလားလို့ပဲ ထင်မိပါတယ်။ လူငယ်တွေအနေနဲ့က ရွေးချယ်စရာ (၂) ခုပဲရှိတော့တယ်။ စကစ တပ်ထဲဆွဲခံမလား၊ ပြည်သူ့တပ်ထဲ ဝင်ကြမလားပေါ့။ ဒါကလည်း ပြည်တွင်းမှာ ကျန်နေတဲ့၊ နိုင်ငံခြားသွားဖို့လည်း မတတ်နိုင်တဲ့ အခြေအနေက လူငယ်တွေပေါ့လေ။ ပြီးတော့ ခုဆို ပညာတော်သင်ဆိုရင်လည်း သွားချင်တိုင်း သွားလို့မရတာတို့၊ Passport (နိုင်ငံကူးလက်မှတ်) ကျပ်တာတို့ကတော့ ပိုပိုဆိုးလာမယ်ထင်ပါတယ်။ (အလုပ်သမားဗီစာ) Work visa ဆိုပိုဆိုးပေါ့။ ဒီဥပဒေကို ထုတ်ပြန်လိုက်တာ တော်လှန်ရေးကာလ သိပ်မကြာတော့ဘူးလို့လည်း ယုံကြည်ရတဲ့အတွက် တနည်းတဖုံကောင်းပါတယ်။ လူငယ်တွေ ရွေးချယ်ရတော့မယ်လေနော်။ ဥပဒေက သူတို့ နှုတ်ခမ်းဝတင်ဆိုတော့။ ဘယ်လိုဖြစ်ဖြစ် ပြည်သူတွေကတော့ တော်လှန်ရေးပြီးမှပဲ အေးချမ်းနိုင်ပါတော့မယ်”