ကောလင်းမြို့နယ်တွင် စကစ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ကားလမ်းများကို ပိတ်ဆို့ထား၊ ခရီးသွားပြည်သူတစ်ဦး ပစ်သတ်ခံရ
21 January 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် လမ်းကြောများယာယီပိတ်ဆို့ထားပြီး ခရီးသွားပြည်သူတစ်ဦးကိုလည်း ပစ်သတ်သွားကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ် ခမရ ၃၆၃ မှ စစ်သည်အင်အား ၈၀ ကျော်သည် ညောင်ကိုင်းရွာ မြောက်တောင်ရိုးပေါ်သို့ ဝင်ရောက်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဝက်တူးရွာရှေ့ တောထဲသို့ တက်သွားကြောင်း သိရသည်။
ဇန်နဝါရီ ၂၀ ရက်နေ့တွင် ၎င်းစစ်ကြောင်းသည် သစ်စိမ့်ကုန်းရွာ အနောက်ဘက် ၁၃ မိုင်ကွေ့သို့ ဝင်ရောက်ပြီး ခရီးသွား ကားဆရာတစ်ဦးအား ပစ်သတ်သွားကြောင်း ၎င်းရဲဘော်ထံမှ သိရသည်။
“၁၃ မိုင်ကွေ့မှာ ကားတစ်စီးကို ပစ်ခတ်လိုက်တာ ကားဆရာတစ်ယောက်တော့ သေသွားတယ်။ သေဆုံးသူတော့ အတည်မပြုနိုင်သေးဘူး။”ဟု ဆိုသည်။
၎င်းအဖြစ်အပျက်ကို ကြုံတွေ့ခဲ့သည့် ခရီးသယ်တင် ကားဆရာတစ်ဦးကလည်း “ကျွန်တော့အရှေ့တင်ပဲ ပစ်သတ်လိုက်တာ၊ ဆိုင်ကယ်သမားတစ်ယောက်တောင် အိပ်နေတယ်ထင်ပြီး သွားနှိုးသေးတယ်။ ကျွန်တော်တောင် အဲ့တာ သေနေပြီလို့ လှမ်းပြောလိုက်သေးတယ်။ ပြီးတော့ ကျွန်တော်လည်းကြောက်လို့ အတင်းလှည့်ပြေးလာတော့တာ”ဟု ဆိုသည်။
၎င်းစစ်ကြောင်းသည် ကောလင်းအရှေ့ခြမ်းတွင် ရောက်ရှိနေပြီး တိုက်ပွဲဖြစ်လာနိုင်သည့်အတွက် အင်းတော် - ကောလင်း – ရွှေဘိုလမ်းပိုင်းအား တော်လှန်ရေးအဖွဲ့များမှ ယာယီပိတ်ဆို့ထားကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းမှာ ကောလင်းအရှေ့ခြမ်း ကျောက်တန်းရွာတွင် ရောက်ရှိနေပြီ ပြည်သူများ၏ ရိက္ခာများလည်း သယ်ယူနေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပြန်သည်။
“ကျောက်တန်းရွာထဲမှာ ခဏဝင်ပြီး ပြည်သူတွေရဲ့ရိက္ခာတွေကို ဆိုင်ကယ်တွေနဲ့ သူတို့စခန်းထဲ သယ်နေကြတယ်။”
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များမှ ကောလင်းမြို့အား သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်တွင် စကစမှ ပြန်ယူမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ယခုအချိန်တွင်လည်း ကောလင်းမြို့ အနီးတစ်ဝိုက် ကျေးရွာများကို စစ်ကြောင်းထိုးမှုများရှိနေပြီး ဒေသခံထွက်ပြေးသိမ်းရှောင်မှုများလည်း ရှိနေသည်။