လောင်ကိုင်မြို့အထွက်တွင် စစ်ရှောင်လာသည့် ပြည်သူများ၏ကား ဒုံးထိမှန်ပြီး သေဆုံးမှုများ
22 November 2023 – Kachinwaves
စစ်ရှောင်များလိုက်ပါလာသည့် ခရီးသည်တင်ကားတစ်စီး ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် လောင်ကိုင်မြို့အထွက် တုံချိန်အပိုင်းရှိ ဖရဲသီးဆီဆိုင်အနီးတွင် ဒုံးထိမှန်ပြီး ကားပေါ်လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း သိရသည်။
လောင်ကိုင်မြို့အတွင်းပိတ်မိနေသည့် အရပ်သားများမှာ နံနက်အစောပိုင်းအချိန်များတွင် စစ်ရှောင်ကြရန် မြို့မှထွက်ခွာချိန် မြို့အထွက်ဆယ်တန်ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်အတွက် ကားပြန်လှည့်ချိန်တွင် စစ်ကောင်စီကပစ်ခတ်သည့် ဒုံးထိမှန်ခဲ့ရာ ကားတွင်လိုက်ပါစီးနင်းသူအားလုံး သေဆုံးခဲ့ကြောင်း လောက်ကိုင်တွင် ရောက်ရှိနေသူများထံမှ သိရှိရသည်။
ကားပေါ်တွင်လိုက်ပါလာသည့် လူဆယ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံကဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
၎င်းကားအနီးဖြတ်သန်းသွားသည့် ဆိုင်ကယ်နှစ်စီးမှာလည်း လွင့်ထွက်သွားခဲ့ပြီး ဆိုင်ကယ်မောင်းသူမှာလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။
ဗီဒီယိုင်ဖိုင်တွင်တွေ့ရှိရသည့် အနေအထားများအရ စစ်ရှောင်များလိုက်ပါလာသည့်ကားအနီးတွင် လူ့အသားစများပြန့်ကြဲနေပြီး ကားမှာလည်း တစ်စစီပျက်စီးနေသည်။
ယင်းဒုံးကျည်မှာ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဖြေကြားထားသည်ကို တွေ့ရှိရသည်။
လောက်ကိုင်မြို့အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့် လက်နက်ငယ်ပစ်ခတ်မှုများ ဖြစ်ပွားနေသည့်အတွက် စစ်ရှောင်ရန်မြို့မှ ထွက်ခွာမည့်ပြည်သူများမှာ မြို့အတွင်းတွင် ဆက်လက်ပိတ်မိနေကြောင်း သိရသည်။