ကုန်းလမ်းပိတ်မိနေသည့် စကစ၊ ထီချိုင့်တိုက်ပွဲတွင် တစ်ရက်တည်း၌ ခေါက်တုံ့ခေါက်ပြန် တိုက်ခိုက်ခဲ့သော လေယာဉ် ၁၄ စီး ရှိခဲ့
14 November 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားသည့်နေရာမဟုတ်သော ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေကြောင်း သိရသည်။
နိုဝင်ဘာ ၈ ရက်နေ့မှစတင်ပြီး KIA၊ AA နှင့် ထီးချိုင့်ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်များ စုပေါင်းကာ ယနေ့အထိ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြခြင်းဖြစ်ပြီး တိုက်ပွဲကာလများအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်ဘက်သို့ ကုန်းကြောင်းဖြင့် စစ်ကူအင်အား တင်ပို့နိုင်ခြင်း မရှိသည့်အတွက် လေကြောင်းတိုက်ခိုက်ရေးကိုသာ အားထားနေရခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့ တစ်ရက်တည်း၌ ခေါက်တုံ့ခေါက်ပြန် တိုက်ခိုက်ခဲ့သည့် လေယာဉ် ၁၄ စီးရှိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (ပကဖ) တစ်ဦးက ပြောသည်။
“အသုံးပြုသွားတဲ့ လက်နက်က အတိအကျ မသိရဘူး။ ဒါပေမယ့်လေကြောင်းပစ်ပြီးပြီးချင်း မြို့မီးလောင်တယ်”
စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို တိုက်ပွဲဖြစ်ပွားနေသည့် ထီးချိုင့်မြို့အတွင်း ပြုလုပ်ရုံမကဘဲ တိုက်ပွဲမဖြစ်ပွားသည့်နေရာများကိုပါ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့မွန်းလွဲပိုင်းက ထီးချိုင့်မြို့အရှေ့ဘက် ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ကိုးတဲကျေးရွာကို ဗုံးကြဲခဲ့ကြောင်း ပကဖကဆိုသည်။
“မနေ့ကနေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဧရာဝတီအရှေ့ဘက်ကမ်း ကိုးတဲရွာကိုလေကြောင်းတိုက်ခိုက်တာ လုပ်တယ်။ ထိခိုက်ကျဆုံးမှု ဖုန်းလိုင်းမကောင်းလို့ မဆက်သွယ်ရသေးဘူး”
မြေလတ်အသံ သတင်းဌာနတွင် ယင်းတိုက်ခိုက်မှုအတွင်း မိသားစုတစ်စုမှ ကလေးသုံးဦး မိခင်တစ်ဦး၊ အိမ်နီးနားရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးတစ်ဦး၊ စုစုပေါင်းခြောက်ဦးသေဆုံးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ထို့အပြင် ယနေ့နံနက်ပိုင်းနှင့် မွန်းတည့်အချိန်တွင်လည်း တံတားဦးဘက်မှ တက်လာသည့် တိုက်လေယာဉ်ဖြင့် ထီးချိုင့် – အင်းတော် ကားလမ်းပေါ်ရှိ အလယ်တောရွာ၊ လေသာရွာ၊ အင်းတိန်ရွာ နှင့် ပိန္နဲကုန်းရွာဘက်သို့ လေးကြိမ်ဗုံးကြဲခဲ့ကြောင်း ထီးချိုင့်တော်လှန်ရေး (Tigyaing Revolution) မှ ဖော်ပြထားသည်။
စစ်ရေးပစ်မှတ် မဟုတ်သည့်ကျေးရွာများကို ဗုံးကြဲခြင်းလုပ်ဆောင်သည့်အတွက် ဒေသခံများအနေဖြင့် လေယာဉ်သံကြားပါက ထွက်ပြေးတိမ်းရှောင်ကြပါရန်လည်း အသိပေးထားသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးရသည့် အရပ်သားပြည်သူများ ရှိသော်လည်း စုစုပေါင်းမည်မျှသေဆုံးသည်ကိုမူ အတည်မပြုနိုင်သေးပါ။
တိုက်ပွဲဖြစ်ပွားနေသည့် တစ်ပတ်တာကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးအသက်ဆုံးရှုံးခဲ့ပြီး ထီးချိုင့်မြို့အတွင်းရှိ အဆောက်အအုံများမှာလည်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။