စခန်းသိမ်းခံရတဲ့ ဆွမ်ပရာဘွမ်ကို အင်အားဖြည့်ဖို့ ချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး ဆက်လက်ချီတက်သွား
22 September 2023 – Kachinwaves
စခန်းသိမ်းပိုက်ခံရတဲ့ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ကို စစ်အင်အား ဖြည့်တင်းဖို့ မနေ့က မိုးကောင်းမြို့ ကနေ ကားနှစ်စီးနဲ့ တက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ဒီနေ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာအလွန် ဝေရှီရွာအကျော်မှာ အမှတ် (၄) KIA တပ်ရင်းတပ်ဖွဲ့ဝင်တွေက မိုင်းနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကားနှစ်စီးပေါ်မှာ စစ်အင်းအား ၆၀ လောက်နဲ့ စစ်လက်နက် ရိက္ခာအပြည့် တင်ဆောင်ပြီး ဆွမ်ပရာဘွမ် ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အရပ်သားတွေကို ဖမ်းဆီးပြီး ခြေကျင်လျှောက် လာတယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အရပ်သားတွေထဲ တန်ဖရဲကျေးရွာ ဈေးဆိုင်တစ်ဆိုင်မှာ ဖမ်းဆီးခံရသူ နှစ်ဦးကို ပြန်လွတ် ပေးကြောင်း သိရပေမဲ့ ကျန်သူတွေ ပြန်လွတ်လာတာတော့ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီကားတစ်စီးဟာ မီးလောင်ပျက်စီးနေတယ်လို့လည်း ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အနီးအနားရှိ ရွှေမှော်တွေနဲ့ ခရီးသွားပြည်သူတွေဖြစ်တယ်လို့ ဒေသခံက ဆက် ပြောပါတယ်။
မနေ့က စက်တင်ဘာ ၂၁ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် မြစ်ဆုံအနီး တန်ဖရဲကျေးရွာမှာ အရပ်သား ပြည်သူ ၁၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရပေမဲ့ ပြန်လွတ်လာတာ မကြားရသေး ဘူး လို့ ဒေသခံက ဆိုပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနား – ဆွမ်ပရာဘွမ် ကားလမ်း ဒရူခတံတားရှိ စစ်ကောင်စီ တပ်စခန်းကို KIA နဲ့ Kagabu People’s Force (KPF) အဖွဲ့တို့ သွားရောက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းဖို့ ပြန်လည်ချီတက်လာတာ ဖြစ်ပါတယ်။