စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အသက် ၁၄ နှစ် အမျိုးသမီးငယ် သေဆုံးခဲ့
31 August 2023 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှ ခလရ ၁၂၃ စစ်ကောင်စီတပ်ရင်းက ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်၌ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျည်က နမ့်ဖတ်ကာဈေးရှိ ကုန်စုံဆိုင်တစ်ဆိုင်၌ ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးငယ် မအားဆူ ဆိုသူထိခိုက်သေဆုံးခဲ့သည်ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသွားသော အမျိုးသမီးငယ်သည် ကွတ်ခိုင်မြို့နယ် ဘန်လျော်ကျေးရွာတွင် နေထိုင်သည့် ဦးယင်ချောင်ကုန်းနှင့် ဒေါ်စံသာမီးတို့၏သမီး ဖြစ်ကြောင်း သိရသည်။
၎င်းအမျိုးသမီးငယ် မအားဆူသည် ကျောင်းတက်ရန် နမ့်ဖတ်ကာကျေးရွာတွင် လာရောက်နေထိုင်သူ ဖြစ်သည်ဟု ဒေသခံက ဆိုသည်။
ယမန်နေ့ နံနက် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူလည်း (၃) ဦး ရှိခဲ့သည်ဟု သိရပြီး ၎င်းထိခိုက်ဒဏ်ရာ ရရှိသော အမျိုးသား (၃) ဦးကို ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။