ကျောက်ကြီးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို မြို့လှ KPDF နှင့် KIA တို့ တိုက်ခိုက် သိမ်းပိုက်
1 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ရဲများ တပ်စွဲနေသည့် ရဲစခန်း ကို မြို့လှ KPDF တပ်ဖွဲ့က ယနေ့နံနက် ၃ နာရီဝန်းကျင်က သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ ရဲနှင့်စစ်သားတို့ တပ်စွဲထားသည့် ကျောက်ကြီးရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် မြို့လှ KPDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ သုံးနာရီကျော် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြို့လှ KPDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ရဲနဲ့စစ်ရောထိုင်တာ။ အင်အားသိပ်မရှိဘူး။ သူတို့ (စစ်ကောင်စီ)က ကသာဘက်စစ်ကူသွားကြလို့။ သင်္ဘောက ချထားခဲ့တယ် ကြားလို့ဝင်သိမ်းတာ။ မနက် ၃ နာရီလောက်ကစတာ။ ခြောက်ခွဲလောက်ကျ စခန်းရပြီ”ဟု ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် တစ်ကြိမ်၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း KPDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အရှင်ဖမ်းမိပြီး လက်နက်များလည်း သိမ်းဆည်းရမိကြောင်း သိရ ပြီး တိုက်ပွဲကြောင့် အရပ်သားနေအိမ်များနှင့် ပြည်သူများ ထိခိုက်မှု ရှိ၊ မရှိကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
တိုက်ခိုက်ခံရသည့် ကျောက်ကြီးရဲစခန်းတွင် ပုံမှန်အားဖြင့် ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဝန်းကျင်ခန့် ရှိပြီး အများစုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း ကျောက်ကြီးကျေးရွာ သင်္ဘောဆိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မြို့လှ KPDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိသူများရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ နံနက်တွင်လည်း ကျောက်ကြီးကျေးရွာ ရဲစခန်းကို KIA က တစ်ကြိမ် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။