ဖားကန့် မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများ၏ အလောင်းတစ်လောင်းမှ မတွေ့ရှိသေး
14 August 2023 – Kachinwaves
ယမန်နေ့ ဖြစ်ပွားခဲ့သည့် ဖားကန့် ကျောက်စိမ်းလုပ်ကွက်ဟောင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူများ၏ အလောင်းကို ယနေ့ညနေအထိ အလောင်းတစ်လောင်းမှ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ဒေသခံများ နှင့် ကူညီကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ဟောင်းတစ်ခုတွင် လက်ကျင်းတူးနေကြသည့် ကျောက်တူးသမားများသည် ယမန်နေ့ သြဂုတ် ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ကျော်အချိန်ခန့်က ဖြစ်ပွားခဲ့သည့် ကမ်းပါးပြိုကျမှုကြောင့် ၃၆ ယောက်ပျောက်ဆုံးနေကြောင်း ဒေသခံများ နှင့် ကူညီကယ်ဆယ်ရေး လုပ်နေသူများထံမှ သိရသည်။
“ဒီနေ့ တစ်နေကုန် အခုညနေအထိ ရှာတာတော့ တစ်လောင်းမှ မရသေးဘူး။ ဒီနေ့တော့ မရှာတော့ဘူး။ နားလိုက်ကြပြီး နောက်နေ့မှ ထပ်ရှာတော့မယ်လို့ ပြောတယ်။ ကြည့်ရတာ အလောင်းက နောက်တစ်ရက် နှစ်ရက်လောက်မှ ပေါ်လာမယ်ထင်တယ်။ ဒီနေ့က ရေကန်မှာ စက်လှေပေါ်ကနေ့ ချိတ်တွေနဲ့ ဆွဲပြီးရှာတာ။ မိသားစုတွေ လာစောင့်နေကြတာကလည်း မနည်းဘူး အကုန်လုံးငိုပြီး လာစောင့်နေကြတယ်။”ဟု မြေပြိုမှုဖြစ်ခဲ့သည့် နေရာ၌ သွားရောက်ခဲ့သူတစ်ဦးက ဆိုသည်။
ရှာဖွေရေးလုပ်နေသူ တစ်ဦးကလည်း ကမ်းပါးမြေက အနည်းအကျဉ်း ပြိုနေဆဲဖြစ်သည့်အတွက် ဆက်မရှာ တော့ဘဲ နားလိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
မိုးတွင်းကာလတွင် အာဏာပိုင်များကို ငွေပေးပြီး တူးဖော်နေကြသည့် ကုမ္ပဏီများ လုပ်ငန်းနားနေချိန် တပိုင်တနိုင် လက်ကျင်းတူးသည့် ကျောက်တူးသမားများက လုပ်ငန်းဝင်ကြခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မြေပြိုမှုတွင် နစ်မြုပ်ပျောက်ဆုံးသွားသူများသည် ကျောက်စိမ်းတူးဖော်မှုကြောင့် ဖြစ်ထွန်း နေသည့် ရေကန်ဘေး ပေ ၃၀၀ ကျော်ခန့်မြင့်သည့် မြေစာပုံပြိုကျလာ၍ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းပျောက်ဆုံးနေသည့် ကျောက်တူးသမားများမှာ ကချင်ပြည်နယ် သာမက မြန်မာနိုင်ငံအနှံ့မှ ဖားကန့်တွင် ရောက်ရှိနေကြသည့် ပြည်သူများလည်း ပါဝင်ကြောင်း ဖားကန့်ဒေသခံများက ပြောသည်။