မြစ်ကြီးနားမြို့ ပလန စစ်ကောင်စီရဲစခန်း ပစ်ခတ်ခံရပြီး ရဲနှစ်ဦးသေ၊ ၄ ဦး ဒဏ်ရာရ
14 August 2023 – Kachinwaves
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမ ပလန ကျေးရွာရှိ ရဲစခန်းကို ယမန်နေ့ သြဂုတ် ၁၃ ရက်နေ့ညတွင် KIA တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ရဲနှစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ဆိုသည်။
ည ၉ နာရီခန့်အချိန်တွင် ရဲစခန်း အနောက်ဘက်မှ ဆိုင်ကယ်စီးနင်း၍ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“အသံအကြာကြီးတော့ မကြားလိုက်ဘူး။ သေနတ်အသေးနဲ့ပဲ လာပစ်သွားတာ။ ရဲ ၄ ယောက်ဒဏ်ရာရတယ်။ ပြီးတော့ နှစ်ယောက် သေသွားတယ်လို့ ကြားတယ်။ ဒီနေ့ မနက်တော့ ရဲစခန်းရှေ့မှာ လူတွေ ရှင်းနေတယ်။”ဟု ဒေသခံက ဆိုသည်။
ရဲများသေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး Kachinwaves အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါရဲစခန်းသည် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းမပေါ်က စစ်ဆေးရေးဂိတ်ဖြစ်ပြီး လူနေရပ်ကွက်များနှင့် တစ်ဆက်တစ်စပ် တည်ရှိနသည့် ဂိတ်ဖြစ်သည်။ ၎င်းဂိတ်ကို ဖြတ်သန်းသွားလာခွင့် အချိန်ကန့်သတ်ထားသည့်အတွက် ပြည်သူများအတွက် အသွားအလာခက်ခဲမှုရှိသလို စိုးရိမ်မှုလည်း ရှိကြောင်း ဒေသခံများက ယခင်နှစ်ကလည်း ပြောခဲ့ကြသည်။
၎င်းစစ်ဆေးရေးဂိတ်သည် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် တစ်ကြိမ်၊ ယခုနှစ် ဧပြီလတွင်လည်း တစ်ကြိမ် ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။