မနမှော် မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးစာရင်း အယောက် ၄၀ ထိ တပ်တိုးလာ၊ အလောင်း ၂၄ လောင်း ဆယ်ယူရရှိထား
15 August 2023 – Kachinwaves
ဖားကန့် ကျောက်စိမ်းလုပ်ကွက်ဟောင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူများ၏ အလောင်း ယနေ့ညနေ ၄ နာရီခွဲထိ ၂၄ လောင်း ဆယ်ယူရရှိထားပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်နေသူများက ဆိုသည်။
“အခု ၄ နာရီခွဲ ထိတော့ ၂၄ လောင်း ရထားပြီ။ ဒီနေ့က ပေါ်လာတာကို ဆယ်ယူနေတယ်။”ဟု ကူညီ ကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ဆိုသည်။
ပျောက်ဆုံးနေကြောင်း စာရင်းပေးသူလည်း ၄၀ ကျော်ထိတပ်တိုးလာသည်ဟု ဆိုသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုတွင် လက်ကျင်းတူးနေကြသည့် ကျောက်တူးသမားများသည် သြဂုတ် ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီကျော် အချိန်ခန့်က ဖြစ်ပွားခဲ့သည့် ကမ်းပါးပြိုကျမှုကြောင့် ကနဦးပိုင်းမှာ အယောက် ၃၀ ကျော်ပျောက်ဆုံး နေကြောင်း သတင်းရရှိခဲ့သော်လည်း ယနေ့ညနေပိုင်းအထိ ရရှိသည့်သတင်းအရ အယောက် ၄၀ ကျော်အထိ ပျောက်ဆုံးစာရင်း ထပ်တိုးလာကြောင်း သိရသည်။
မြေပြိုမှုတွင် နစ်မြုပ်ပျောက်ဆုံးသွားသူများသည် ကျောက်စိမ်းတူးဖော်မှုကြောင့် ဖြစ်ထွန်းနေသည့် ရေကန်ဘေး ပေ ၃၀၀ မှ ၅၀၀ ကျော်ခန့်မြင့်သည့် မြေစာပုံပြိုကျလာ၍ နွံလှိုင်များထဲ နစ်မြုပ်သွားခြင်း ဖြစ်သည်။
၎င်းပျောက်ဆုံးနေသည့် ကျောက်တူးသမားများမှာ ကချင်ပြည်နယ် သာမက မြန်မာနိုင်ငံအနှံ့မှ ဖားကန့်တွင် ရောက်ရှိနေကြသည့် ပြည်သူများအများပိုင်း ပါဝင်ကြောင်း ဖားကန့်ဒေသခံများက ပြောသည်။